ဆားမှော်ကျေးရွာက ဖမ်းဆီးခံ အရပ်သားပြည်သူတွေ ပြန်လည်လွတ်မြောက်လာ

242

 

ဧပြီ၊ ၃

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှာ စစ်ကောင်စီကနေ အကြောင်းမဲ့ ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူတွေ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ ဆားမှော်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည် ဖမ်းဆီးခံရတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက အသင်းတော်ဆရာတွေအပါ အရပ်သားပြည်သူအချို့ကို သူတို့ရဲ့ ၁၀၅ တပ်ထဲကို ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

အဲဒီနောက် မနေ့က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ အရပ်သား ဆယ်ယောက်ကျော် ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့ဖမ်းဆီးသွားတဲ့သူ အားလုံးပြန်ပြီးရောက်လာပြီဗျ။ မနေ့က သုံးနာရီကျော်လောက်မှာ ပြန်လွတ်တာ။ သူတို့ နှိပ်ကွပ်တာတွေတော့ မရှိဘူးပြောတယ်။လို့ဆိုပါတယ်။

စစ်ကောင်စီ ၁၀၅ တပ်ထဲမှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေဟာ ရိုက်နှက်ခံရတာမျိုးမရှိသလို ကောင်းမွန်စွာ မနေ့ကညနေပိုင်းမှာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဲဒီအရပ်သားပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးနဲ့ သက်ကြီးပိုင်းလည်းပါဝင်ပြီး သူတို့နေအိမ်မှာရှိနေစဉ် ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကညနေပိုင်း ဒေသခံတွေ ပြန်လွတ်လာတဲ့အချိန် ပျောက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်လည်း ပြန်လွတ်လာပြီလို့ ဒေသခံတချို့ ပြောဆိုတာရှိနေပေမဲ့ သူ့ရဲ့နေအိမ်မှာတော့ မတွေ့မိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here