ဟုမ္မလင်းမြို့အစပ် ကျွန်းကုန်းကျေးရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေ

25
ဓါတ်ပုံ- NUG MOD

 

ဧပြီ၊၃

ဟုမ္မလင်းမြို့အစပ် ကျွန်းကုန်းကျေးရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် စစ်ရေးတင်းမာနေပြီး

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်နဲ့ စစ်ကောင်စီဘက်က စစ်ကူအင်အား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဖောင်းပြင်- ဟုမ္မလင်းအစပ်တကြောမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ ပျူစောထီးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ဒီကနေ့နဲ့ဆိုရင် ငါးရက်ရှိလာပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အင်ကြင်းမော်နဲ့ မနော်သာကျေးရွာတွေကို ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

အခုကျွန်းကုန်းပဲကျန်တယ်။ကျွန်းကုန်းကတော့ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အနေအထားပေါ့။ မနေ့ကလည်း သူတို့ဖောင်းပြင်ကနေ ကျွန်းကုန်းဘက်ကို စစ်ကူဖို့အတွက် လှုပ်ရှားလာတာ ရှိတယ်။ လို့ ဆိုပါတယ်။

ကျွန်းကုန်းကျေးရွာဘက်မှာတော့ လက်ရှိအချိန်အထိ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ တင်းမာနေဆဲဖြစ်ပြီးတော့ ကျွန်းကုန်းကျေးရွာဘက်ကို စစ်ကောင်စီက ဖောင်းပြင်ကနေ အင်အား ၅၀ လောက်နဲ့ စစ်ကူတက်လာနေတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ရက်တွေအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေရှိနေပြီး စစ်ကောင်စီရဲ့လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာ တစ်ကြောက ဒေသခံပြည်သူတချို့ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ ကြဲတာတင်ကိုမှ Mi 2 ကတော့ နေ့တိုင်းလိုလို တက်ပါတယ်ဗျ။ ပြည်သူတွေလည်း စစ်ကောင်စီက ချတဲ့ဂျက်ဖိုက်တာဗုံးတွေနဲ့ တချို့ ခါးပြတ်တဲ့ ပြည်သူတွေတောင် ပါတယ်လို့ကြားတယ်။ ပြည်သူတွေ အထိများတယ်ဗျ။လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က နှစ်ပွင့်ဗိုလ်ကွပ်ကဲတဲ့ ၂၇၂ တပ်စုအပြင် ပျူစောထီး အင်အား ၈၀ လောက်ရှိတဲ့ ရန်သူတပ်တွေနဲ့ ခန္တီးခရိုင်တပ်ရင်း ၁ ၊ စစ်ဒေသတိုင်းရုံးအဖွဲ့တွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး လက်ရှိစစ်ရေးတင်းမာနေဆဲ ကျွန်းကုန်းကျေးရွာဟာ စစ်ကောင်စီရဲ့ ပျူစောထီး အမာခံကျေးရွာဖြစ်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ကနေ ဆိုင်ကယ်နဲ့မောင်းရင် မိနစ်လေးဆယ်လောက် သွားရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် မနော်သာ၊ အင်ကြင်းမော်ဘက် တစ်လျှောက်က ဒေသခံပြည်သူ အယောက် ၄၀၀ လောက်ကလည်း နီးစပ်ရာကျေးရွာတွေဘက်မှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here