မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က အောင်မြင်သာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားမှု ရှိနေတဲ့အတွက် ဒေသခံတွေစိုးရိမ်

11

 

ဧပြီ၊၂

မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က အောင်မြင်သာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားမှု ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

မနေ့က(ဧပြီလ ၁)ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ တုန်ဖုန်းကား သုံးစီးနဲ့ တန်ဖရဲစစ်ကောင်စီရင်းဘက် တက်လာချိန် အောင်မြင်ကျေးရွာအရောက်မှာ တပ်သားအချို့ကို ချသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတာပါ။

အဲဒီကားသုံးစီးနဲ့ လိုက်ပါလာတဲ့ တပ်သားတွေဟာ တန်ဖရဲတပ်ရင်းက တာဝန်ခံဗိုလ်ကြီးအသစ် အပြောင်းအလဲ လုပ်တာကြောင့် လုံခြုံရေးယူပေးတဲ့ သဘောဖြစ်နိုင်တယ်လို့ အောင်မြင်သာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

တန်ဖရဲက အကြီးဆုံးရဲ့ နေရာမှာ လူပြန်လဲတာ။ မနေ့က အောင်မြင်သာမှာ စစ်သားအချို့ ချသွားတယ်။ ကားသုံးစီးနဲ့ ပြန်ဆင်းသွားတဲ့အချိန်တော့ နဂိုအလာတုန်းကလို လူတော့ ပါမသွားဘူးပေါ့။ ဆင်းသွားတဲ့ သူတွေလည်း ရှိတယ်။ တချို့ ကျန်တဲ့သူတွေလည်း ရှိသေးတယ်။ မနေ့ညက အောင်မြင်သာ အနီးတွေမှာ သွားလာနေကြတယ်။ “လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူတွေရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ တစ်ပတ်လောက်က တန်ဖရဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းက တာဝန်ခံဗိုလ်ကြီးဟာ ကားနဲ့ထွက်သွားပြီး လမ်းခုလတ်မှာ ပျောက်ဆုံးသွားပြီးနောက် လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိတာ မရှိသေးတဲ့အတွက် မနေ့က တာဝန်ခံအသစ် လာလဲတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မနေ့က အောင်မြင်သာကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာတာတွေ ရှိခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ပြီး နီးစပ်ရာ ဆွေမျိုးတွေ၊ ဘုရားကျောင်းတွေမှာ သွားရောက် ခိုလှုံတဲ့အထိ ဖြစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဒါ့အပြင် အောင်မြင်သာကျေးရွာအတွင်း စစ်ကောင်စီတပ်သား‌တွေ လှုပ်ရှားသွားလာတာ မတွေ့ရှိရတော့ပေမဲ့ အနီးအနားတွေမှာ ရှိနေနိုင်သေးတဲအတွက် စိုးရိမ်နေရတယ်လို့ နောက်ထပ် အောင်မြင်သာကျေးရွာ ဒေသခံ ပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

မနေ့ကနေ တက်လာကြတယ်။ တက်လာပြီး လမ်းတွေ၊ ရွာအတွင်းတွေမှာ လာချထားတာ။ အောင်မြင်သာဒေသခံတွေက ဘယ်ကိုပြေးရမှန်းလည်း မသိဘူး။ အခု အရမ်းစိုးရိမ်နေတယ်။ မနေ့ညကဆို အဝတ်တွေပါ ထုတ်ထားတယ်။ မနေ့ညကတော့ ကျော်သွားပြီ။ ဒီနေ့ညတော့ ဘယ်လို လာမလဲ မသိသေးဘူးလို့ ဒေသခံက ပြောပါတယ်။

တက်လာတဲ့ တုန်ဖုန်းကား သုံးစီးမှာ စစ်သားအင်အား ၅၀ လောက် ပါရှိပြီး ကားတစ်စီးက တပ်သားတွေကိုတော့ လမ်းခုလတ် အောင်မြင်သာကျေးရွာအနီးမှာ ချထားပြီး ကျန်ကားနှစ်စီးကတော့ တန်ဖရဲကျေးရွာ တပ်ရင်းဘက် တက်သွားကြတယ်လို့ သိရပါတယ်။

မြစ်ဆုံ စီမံကိန်းကြောင့် တန်ဖရဲကျေးရွာကနေ ပြောင်းရွှေ့တဲ့ အောင်မြင်သာကျေးရွာမှာ လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here