ဆွမ်ပရာဘွမ်မြို့နယ်၊ ကဝါးပန်း ကျေးရွာတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

1381
KIA စစ်သမီး

မေ၊၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန်ကျေးရွာတွင် ခြေလျင်ဖြင့် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ယနေ့ နံနက်ပိုင်းက အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပူတာအိုဘက်သို့ စစ်ကြောင်းထိုး တက်လာသည့် စစ်ယဉ်တန်းများအား လုံခြုံရေးယူပေးသည့် တီယန်ဇွပ်ကျေးရွာမှ တက်လာသော စစ်ကောင်စီ ခြေလျင်တပ်သား အင်အား(၃၀၀)ခန့်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

‘’ ဒီမနက်က ကဝါးပန်မှာ ဖြစ်ကြတယ်။ ခြေလျင်နဲ့ သူတွေက ကဝါးပန်မှာ ရောက်လာကြတာနေမှာ။ အင်အား(၃၀၀)ဝန်းကျင်လောက် ရှိမယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ မနက်ပိုင်းကလည်း ဆွမ်ပရာဘွမ် မြို့နယ်၊ စွပ်ခါးကျေးရွာ အထက်ဘက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အင်အား(၆၀)ခန့် ရှိသည့် စစ်ကောင်စီတပ်သားတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မနေ့က မနက်ပိုင်းဟုတ်တယ်။ နှစ်ယောက် ထိတယ်ထင်တယ်။ သူတို့ နေ့လယ်ပိုင်းက သယ်လာတာ တွေ့တယ်။ (၆၄)မိုင်နဲ့ (၆၅)မိုင်ကြား စွပ်ခါး အထက်မှာ ဖြစ်တာ။ ကားနဲ့ တက်လာတဲ့ သူတွေက စွပ်ခါးမှာပဲ ရောက်သေးတယ်။ ခြေလျင်နဲ့ သူတွေက ကဝါးပန်မှာ ရောက်ကြတာနေမှာ“လို့ ဆိုပါတယ်။

ယနေ့မနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိပြီး တီယန်ဇွပ် စစ်ကောင်စီစခန်းဘက်ကို နေ့လယ်အချိန်က ဝင်သွားသည်ကို တွေ့လိုက်ရကြောင်းလည်း မျက်မြင်တွေ့ရှိသူက ဆိုသည်။

လက်ရှိ မြစ်ကြီးနား-ပူတာအို သွားလမ်းတစ်လျှောက် စစ်ကောင်စီမှ ဂိတ်စခန်းများ တိုးထားပြီး စစ်ကြောင်းထိုးဝင်ရောက်နေဆဲလည်း ဖြစ်သည်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here