ယနေ့ မြန်မာအစိုးရက တရုတ်နိုင်ငံအပေါ် အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံနိုင်ဖို့ အတွက် အထူးဂရုစိုက်နေပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ဘက်မှာလာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် အဆင်ပြေအောင် စီမံပေးနေတာပါ။
ဒီလို တရုတ်ကုမ္ပဏီပိုင် တစ်သျှူး ငှက်ပျောခင်းတွေဟာ ကချင်ပြည်နယ်ထဲမှာတင် ဧကသောင်းနဲ့ချီပြီးရှိနေပါတယ်။ နောက်ပြီး လယ်သိမ်းချိန် တွေမှာဆိုရင်လည်း ဖရဲခင်းတွေကို ဧကမြောက်မြားစွာ လာရောက်စိုက်ပျိုးနေကြတာပါ။ ဒီ ဖရဲခင်းတွေဆိုရင် ကချင်ပြည်နယ်ထဲတင် မကတော့ပါဘူး၊ ကသာခရိုင် စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာလည်း အကြီးအကျယ်ကို စိုက်ပျိုးနေကြတာပါ။ ဒါကို ကိုယ့်တိုင်းပြည်အတွက် အကျိုးအပြစ် တွက်ကြမယ်ဆိုရင် မြန်မာဘက်က အကျိုးထက် အပြစ်ကပိုများတယ်လို့ ဆိုနိုင်ပါတယ်။
ဘာ့ကြောင့်ဆိုတော့ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရတယ်ဆိုတာထက် တိုင်းပြည်ရဲ့စိုက်ပျိုးမြေ မြေဆီလွှာတွေ ပျက်စီးဆုံးရှုံးရမှုတွေက ပိုများနေလို့ပါပဲ။
အခုဆိုရင် ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်ပြည်ဘက်က တစ်သျှူးငှက်ပျောခင်းတွေ လာရောက်စိုက်ပျိုးနေကြတာကြောင့် ဝါးရုံတောကြီးတွေ တစ်နေ့တခြား ပျက်သုန်းလာနေပါတယ်။ ဒေသခံတွေအတွက် တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီး ရလိုက်တဲ့ငွေနဲ့ ဝါးရုံတောကြီးတွေဆုံးရှုံးလိုက်ရတဲ့ နစ်နာမှုက မမျှတဘူးလို့ ဆိုရမှာပါ။
ဘာ့ကြောင့်ဆိုတော့ ဝါးကနေ အိမ်တွင်းလက်မှုထုတ်ကုန်တွေ အများကြီး ထုတ်လုပ်နိုင်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အဆင့်မြင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေအထိ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ဘက်က တစ်သျှူးငှက်ပျောခင်းတွေ လာစိုက်နေကြတာကို အမြော်အမြင်ရှိတဲ့ ဒေသခံတွေအနေနဲ့ မကြည်ဖြူပေမယ့် တရုတ်ကုမ္ပဏီဝန်ထမ်းကို ဒုက္ခပေးတာမျိုး မရှိကြပါဘူး။
တစ်သျှူးငှက်ပျော လာသယ်တဲ့ ကားကြီးတွေကိုဆိုရင်လည်း ကန်ပိုင်တီနယ်စပ်ဂိတ်ကနေ တံခါးမရှိဓားမရှိဆိုသလို ဝင်ထွက်ခွင့်ပြုထားတာပါ။ ဒါဟာလည်း အိမ်နီးချင်းတိုင်းပြည်ဖြစ်နေတာမို့ မြန်မာအစိုးရအနေနဲ့ ဆက်ဆံရေးမပျက် ခွင့်ပြုထားတဲ့သဘောပါ။
ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ကိုလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်လူမျိုးတွေ ထိခိုက်မှုမရှိသလိုမျိုး တရုတ်နိုင်ငံဘက်မှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေးမရကြပါဘူး။ တရုတ်မူဝါဒအရ နိုင်ငံခြားတိုင်းပြည်က အလုပ်သမားတွေ တရားမဝင်တာ မှန်ပေမယ့် ကုန်စည်စီးဆင်းမှုသဘောမျိုးမှာ အလုပ်သမားဆိုတာဟာလည်း ပါလာကြစမြဲပါ။ နှစ်ဘက်တိုင်းပြည် ဘယ်လောက်ပဲတိုးတက်ပါစေ ခေတ်အဆက်ဆက် ဒီလိုသဘောမျိုးတွေ ရှိနေပါလိမ့်မယ်။
ဆိုတော့ အခု တရုတ်နိုင်ငံဘက်က ဇူလိုင်(၂၄)ရက်နေ့ကစပြီး မြန်မာအလုပ်သမားတွေကို ဖမ်းဆီး၊ ဆေးစစ်၊ ထောင်ချဆိုတာမျိုးတွေ လုပ်နေတာကတော့ တစ်ဘက်တိုင်းပြည်အပေါ် အလေးမထားရာ ရောက်နေပါတယ်။ တကယ်တော့ ဆေးစစ်တယ်ဆိုတာမျိုးဟာ ရေနွေးကြမ်းခါးခါး သောက်ထားရင်တောင် ပေါ်နေတတ်တာမျိုးပါ။ တရားမဝင်အလုပ်သမားဖမ်းတယ်ဆိုရင် တရားမဝင်အလုပ်သမား ဥပဒေနဲ့ပဲ ဖမ်းဆီးချုပ်နှောင်ပြီး မြန်မာပြည်ဘက်ကို ပြန်ပို့ပေးသင့်တယ်ထင်ပါတယ်။ နောက်ပြီး တရုတ်မူဝါဒအရ မြန်မာပြည်ထဲကိုလာရောက်ပြီး ရင်းနှီးမြှုပ်နှံတာဟာ မြန်မာနိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ရည်ရွယ်တာလို့ အကြိမ်ကြိမ် ပြောနေမယ့်အစား မြန်မာ – တရုတ်နယ်စပ်တွေမှာ ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို အလုပ်ပေးပြီးလည်း ကူညီသင့်တယ်လို့ ထင်မြင်မိပါတယ်။
ယနေ့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ဖို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပြည်သူ့အပေါ်မှာ အာဏာတည်တာမု့ မြန်မာပြည်သူလူထုကို အလေးထားဖို့ လုံး၀ လိုအပ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်




