မြစ်ကြီးနားမြို့ပေါ်တွင် အုပ်စုဖွဲ့လုယက်ခဲ့သည့် လူငယ်များကို ဖမ်းဆီး

1714
မြစ်ကြီးနား မှုခင်း

သြဂုတ် ၃

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် ဇူလိုင်လ ၃၁ ရက်၊ ညသန်းခေါင်အချိန်ခန့်က အုပ်စုဖွဲ့၍ လုယက်မှုကျူး လွန်ခဲ့သည့် လူငယ်လေးဦးကို နယ်မြေရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါလူငယ်များသည် မြို့သစ်ကြီးရပ်ကွက်၊ မလိဇွပ်ဆေးရုံအကျော်ရှိ တံတားပေါ်တွင် ဆိုင်ကယ်ဆီပြတ်နေသည်ဟု အကူညီတောင်းသဖြင့် အမျိုးသားနှစ်ဦးက ဘောင်းဘီအိပ်ကပ်အတွင်းရှိ ပိုက်ဆံအိတ် ထုတ်ယူကြည့်ရှုနေစဉ် လူငယ်လေးဦးက “မင်းတို့ပါလာတဲ့ပိုက်ဆံတွေ၊ ဖုန်းတွေအကုန်ပေး၊ ငါတို့မျက်နှာကို မကြည့်နဲ့”ဟုဆိုကာ ပြောဆိုပြီး ဝိုင်းဝန်းထိုးကြိတ်လုယက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်သည့်အတွက် အမျိုးသားနှစ်ဦးက အော်ဟစ်အကူညီးတောင်းရင်း ထွက်ပြေးရန်ကြိုးစားနေစဉ် ၎င်းတို့ လမ်းဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် လူငယ်နှစ်ဦးရောက်ရှိလာရာ ထိုလူငယ်နှစ်ဦးကိုလည်း ထပ်မံလုယက်ပြန်သဖြင့် အနီး ပတ်ဝန်းကျင်ရှိလူများနှင့် ကျူးလွန်ခံရသည့် အမျိုးသားနှစ်ဦး၏ သူငယ်ချင်းများ ရောက်ရှိလာပြီး ဖမ်းဆီးရာ လူငယ်လေးဦးအနက် အသက် ၁၆ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကိုသာ ဖမ်းမိပြီး ကျန်သုံးဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

လုယက်ခံရသည့် အမျိုးသားနှစ်ဦးထံမှ ကျပ်နှစ်သိန်းခန့်တန်းဖိုးရှိ ဖုန်းတစ်လုံးနှင့် ကျပ်တစ်သိန်းခွဲ တန်ဖိုးရှိ ဖုန်းတစ်လုံးကို လုယက်သွားကြောင်းနှင့် ဝိုင်းဝန်းထိုးကြိတ်၍ ရိုက်နှက်ခဲ့သည့်အတွက် နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်အားစစ်ဆေးမေးမြန်းရာ ကျန်လူငယ်သုံးဦးကို သိရှိရသဖြင့် ၎င်းတို့နေအိမ်သို့သွားရောက်ကာ ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းတို့လေးဦးအပြင် အခြားလူငယ်များလည်း ရှိသေးကြောင်း စစ်ဆေးဖော်ထုတ်နိုင်သဖြင့် ဆက်လက်ဖမ်းဆီးရေးများ လုပ်ဆောင်နေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လုယက်မှုကျူးလွန်သူလေးဦးကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ တွင် “တစ်ဦးတစ်ယောက်သောသူသည် လုယက်မှုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန် အားထုတ်ရာတွင်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူကို မိမိအလိုအလျောက် နာကျင်စေလျှင်၊ ထိုသို့ နာကျင်စေသူကိုလည်းကောင်း၊ အဆိုပါ လုယက်မှုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန် အားထုတ်ရာတွင်ဖြစ်စေ ထိုသူနှင့် ဖက်စပ်ပါဝင်သော သူတို့ကိုလည်းကောင်း၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပါရှိထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၄ တွင် “ပြုလုပ်မှုကို သို့တည်းမဟုတ် ပြစ်မှုကိုကျူးလွန်ရာတွင် မိမိကိုယ်တိုင်မရရှိခဲ့လျှင် အားပေးကူညီသူအဖြစ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည့်သူသည် အားပေးကူညီမှုကြောင့် မိမိပြစ်ဒဏ်ချမှတ်ခြင်းခံရမည့် ပြုလုပ်မှုကို သို့တည်းမဟုတ် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်သောအခါ မိမိကိုယ်တိုင်ရှိနေခဲ့လျင် ထိုသူသည် ထိုပြုလုပ်မှုကို သို့တည်းမဟုတ်ထိုပြစ်မှုကို ကိုယ်တိုင်ကျူးလွန်ဘိသကဲ့သို့ ကျူးလွန်သည်ဟု ယူဆခြင်းခံရမည်”ဟု ပါရှိထားသည်။
မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here