ဂျေယန်းစစ်ရှောင်စခန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်သုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ်ပေး

132

ဧပြီ၊၈

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ဂျေယန်းစစ်ရှောင်စခန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်သုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံ ဦးအုန်းဆောင်ဒွဲအောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အမိန့်ချမှတ်လိုက်ပြီလို့ KIO/KIA သတင်း ပြန်ကြားရေးဌာနကနေ ဖော်ပြပါတယ်။

အထက်ပါအမှုနဲ့ ပတ်သက်ပြီး မတ်လ ၄ ရက်နေ့မှာ သီးခြားတရားရုံးကို ဖွဲ့စည်းပြီးတော့ မတ်လ ၁၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ဆေးကြားနာခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀၊ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁( B) မသေမချင်း သေဒဏ် အမိန့်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တရားခံ ဦးအုန်းဆောင်ဒွဲအောင်ဟာ အရင်ကလည်း KIA တပ်မှာ စစ်စည်းကမ်း ချိုးဖောက်တဲ့အတွက် ထုတ်ပယ်ခံခဲ့ရဖူးသူ ဖြစ်တဲ့အပြင် ကာလရှည် ထောင်ဒဏ်ခံယူဖူးသူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အဲဒီမိန်းကလေးငယ်သုံးဦးဟာ မုန်းဆိုင်ယန်ကျေးရွာက သူတို့ ဆရာမဖြစ်သူရဲ့ နေအိမ်သွားရာကနေ လမ်းခုလတ်မှာတင် ပျောက်ဆုံးနေခဲ့ရာက အသက်မရှိတော့တဲ့ ခန္ဓာကိုယ်တွေကိုသာ ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here