ကောင်းခါးကျေးရွာက KBC စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အသတ်ခံရတာ ၁၀ နှစ်ပြည့်ပေမဲ့ အမှုမှန်ပေါ်ပေါက်ရေး အလှမ်းဝေးဆဲ

81

 

ဇန်နဝါရီ၊၁၉

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အသတ်ခံရတာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ၁၀နှစ်အတိပြည့်ပြီဖြစ်ပါတယ်။

ဆရာမနှစ်ဦးဖြစ်တဲ့ ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ၁၉ ရက်နေ့က ကောင်းခါးကျေးရွာက ဘုရားကျောင်းဝင်းအတွင်းမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့အချိန်အထိ ဆရာမနှစ်ဦးအတွက် တရားမျှတတဲ့ အမှန်တရားပေါ်ပေါက်လာခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါက်ရေးကော်မတီ(Kachin Lawyers Network – Shan State)ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တာ ရှိခဲ့ပါတယ်။

ကချင်နှစ်ခြင်း သာသနာ့ပညာရေးဝန်ထမ်း ဆရာမ၂ ဦးကိစ္စ အမှန်တရားပေါ်ပေါက်လာခြင်းမရှိသေးတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အားနည်းနေသေးတဲ့အတွက် ဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ္စယာန်အသင်းတော်(KBC)ဓမ္မဆရာတစ်ဦးကလည်း ၂၀၂၄ ခုနှစ် ၉ နှစ်ပြည့်ချိန်တုန်းက ဖြေကြားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ အချိန်က ကောင်းခါးကျေးရွာအတွင်း ၅၀၃ စစ်ကောင်စီတပ်ရင်း တပ်သားတွေ စစ်ကြောင်းဝင်ရောက်မှု ရှိနေတဲ့အချိန်ဖြစ်တဲ့အတွက် အထက်ပါ အခင်းဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ ပြည်သူလူထုအများအပြားက ထင်ကြေးပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ခုနှစ် ဧပြီလတုန်းကလည်း အထက်ပါ စစ်ကြောင်းမှူးနဲ့အတူ ပါလာတဲ့ စစ်သား ၃ ယောက်လောက်ကို တွေ့ဆုံမေးမြန်းဖို့ ချိန်းဆိုတာတွေ ရှိခဲ့ပေမဲ့ ပျက်ပြယ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဆရာမနှစ်ဦး အမှုနဲ့ ပတ်သက်ပြီး တစ်နေ့နေ့မှာ အမှန်တရားပေါ်ပေါက်မှာကို အခုအချိန်အထိ မျှော်လင့်နေတဲ့ မိသားစုဝင်တွေနဲ့အတူ ပြည်သူတွေလည်း အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

အထက်ပါ ဆရာမနှစ်ဦးဟာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဆရာမမရန်လုရာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓါးဒဏ်ရာ ဒဏ်ချက် ၄၁ ချက်၊ ဆရာမ တန်ဘောင်ခေါန်နန်စင်မှာ ၃၇ ချက် ထိုးသွင်းသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here