တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၇

1834
တုတ်ထိုး – ရေဘေးကကြုံ၊ မြေကပြို၊ တောင်ကပြို၊ ဒီကြားထဲစစ်ပွဲတွေက ဖွဲမီးလို တငွေ့ငွေ့။ ပြည်သူတွေမှာကျစရာ မျက်ရည်တောင် ရှိသေးလားမသိတော့ပါဘူးဗျာ။
အိုးပေါက် – သာမန်ပြည်သူတွေမှာ ဘေးဒုက္ခအမျိုးမျိုးနဲ့ ရေဘေး၊ နေဘေး၊ စစ်ဘေးတွေနဲ့ ဒုက္ခမီးအုံဝိုင်းလို့ မျက်ရည်ကျရတာက နားလည်ပေးလို့ ရသေးတယ်။ ဇေကမ္ဘာဦးခင်ရွှေတို့လို လူတွေကိုယ်တိုင် မျက်ရည်တောက်တောက်ကျနေတဲ့ဘဝဆိုတော့ စဉ်းစားလို့ကို မရဘူး။
တုတ်ထိုး – သူလည်းလူပဲလေ။ မျက်ရည်မကျရဘူးလို့ ဥပဒေနဲ့မှ သတ်မှတ်မထားတာ။ ကျပေါ့။ လွပ်လပ်စွာ မျက်ရည်ကျပိုင်ခွင့် ရှိပါတယ်ခင်ဗျ။ ဒါနဲ့ သူကဘာလို့ ကျတာလဲဟင်။
အိုးပေါက် – ခင်ဗျား စိတ်မဝင်စားရင်မပြောတော့ပါဘူးဗျာ။
တုတ်ထိုး – ဟဲ ဟဲ ဟဲ။ ချစ်လို့ စမိတာပါ။ ပြောစမ်းပါဦး။
အိုးပေါက် – မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်း အခမ်းအနားမှာ ပြောခဲ့တာဗျ။ ည၁၂နာရီ၊ ၁ နာရီနောက်ပိုင်း ထိုင်ပြီးတော့ တရားခွေဖွင့်၊ တစ်ခါတလေကျရင် ဘယ်ဘက်ရော၊ ညာဘက်ရော မျက်ရည်တောက်တောက်ကျတဲ့အထိ အခက်အခဲတွေ ရှိတယ်။
တုတ်ထိုး – ဒါဆို ညာဘက်တစ်ဖက်ပဲ မျက်ရည်ကျတာတို့၊ ဘယ်ဘက်တစ်ဖက်ပဲ မျက်ရည် ကျတာတို့ ရှိလောက်တယ်။
အိုးပေါက် – ရှပ်ရှင်မင်းသမီးနန္ဒာလှိုင်တို့၊ ထွန်းအိန္ဒြာဗိုလ်တို့တော့ မျက်ရည်ကျတဲ့သရုပ်ဆောင်တဲ့ အခန်းတွေကိုသိပ်ပိုင်တာပဲ။ ကျူပ်တောင် မပြောကောင်း၊ ပြောကောင်း ရုပ်ရှင်ရိုက်ဖြစ်ရင် သူတို့ဆီမှာ အငိုသင်တန်းတက်ရမလားလို့ စဉ်းစားဖူးတယ်။
တုတ်ထိုး – ဒီရုပ်ကြီးနဲ့။ မင်းသားရူးပဲဖြစ်မှာ။
အိုးပေါက် – ဟဲ ဟဲ ဟဲ ။
တ်ုထိုး – ဒါနဲ့ ၂၀၁၅ မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်ကိုမဲထည့်မယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား။ အဲ့လိုပြောလို့ ပါတီကတောင် အထုတ်ခံရတယ် မဟုတ်လား။
အိုးပေါက် – ဟုတ်တယ်။ ပြီးတော့သူက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ သူရဦးရွှေမန်းနဲ့လည်း ခမည်းခမက်တော်စပ်တယ်ဗျ။
တုတ်ထိုး – အင်း။ သူဌေးကြီးတွေတောင် မျက်ရည်ကျနေမှတော့ ကျူပ်တို့လို တစ်နေ့လုပ်တစ်နေ့စား သာမန်ပြည်သူတွေရဲ့ ဘဝတွေကို စဉ်းစားသာ ကြည့်ပါတော့ဗျာ။
အိုးပေါက် – ကျုပ်မိန်းမဆို လတိုင်း မျက်ရည်ကျရတယ်။ အခုမှ မကျတော့တာ။
တုတ်ထိုး – ဘာဖြစ်လို့။
အိုးပေါက် – ကိုယ့်အိမ်မှာ မီတာကို ကိုယ်တိုင်ထိန်းသိမ်းထားတဲ့ ကိစ္စကို မီတာထိန်းသိမ်းခအဖြစ် ပေးပေးနေရလို့တဲ့။
တုတ်ထိုး – အခုတော့ မျက်ရည်မကျတော့ဘူး မဟုတ်လား။ မီတာထိန်းသိမ်းခ ကောက်ခံမှုတွေ ဖျက်သိမ်းလိုက်ပြီလေ။
အိုးပေါက် – ဒါနဲ့ မိုင်းခွဲခံရတဲ့ ဂုတ်တွင်းတံတားပြန်ဖွင့်ပြီတဲ့ဗျ။
တုတ်ထိုး – တစ်ခါတလေ တိုက်ပွဲဖန်တီးတဲ့သူတွေကို ပြောလိုက်ချင်တယ်။ ခင်ဗျားတို့ စစ်ဖြစ်ချင်ရင် စစ်ဖြစ်ချင်တဲ့ ခေါင်းဆောင်ချင်းသာ တစ်ယောက်ချင်းချကြပါလို့။ ပြည်သူတွေကို ဒုက္ခမပေးကြပါနဲ့လို့။
အိုးပေါက် – ဟုတ်တယ်ဗျာ။ ပြည်သူတွေမှာ သဘာဝဘေးကြောင့် မျက်ရည်ကျရပါတယ်ဆိုမှ စစ်ကြောင့် မျက်ရည်ဆက်ကျနေကြရပြန်တယ်။
တုတ်ထိုး – တချို့တွေကတော့ ဝေဖန်ကြတယ်။ ပြင်ဦးလွင်မှာဖြစ်တဲ့ တိုက်ပွဲတချို့ဟာ ဧည့်စာရင်းတိုင်တဲ့ ဥပဒေမရှိလို့တဲ့။
အိုးပေါက် – ဗျာ။
တုတ်ထိုး – ဧည့်စာရင်းကြောင့် စစ်ပွဲက မြို့ပေါ်ရောက်လာတာပေါ့။
အိုးပေါက် – ခင်ဗျား စဉ်းစားကြည့်။ ဧည့်စာရင်းဥပဒေ ရှိတုန်းကရော စစ်ပွဲတွေ၊ တိုက်ပွဲတွေ မဖြစ်ကြဘူးလား။ ဧည့်စာရင်းနဲ့ အုပ်ချုပ်ခဲ့ကြတဲ့တစ်ချိန်က ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးခွဲခံခဲ့ရဖူးတယ် မဟုတ်လား။
တုတ်ထိုး – မယောင်ရာဆီလူး တတ်ကြသူတွေနဲ့တော့ ခက်ပါတယ်ဗျာ။
အိုးပေါက် – ဗိုလ်ကြီးမမတစ်ယောက်ကလည်း ပြောသေးသဗျ။
တုတ်ထိုး – တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးမမ မဟုတ်လား။
အိုးပေါက် – သူက ပြောတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေဟာ ခြေ/ဥ ပြင်ဆင်ရေးမှာလမ်းက ဖြောင့်ဖြူးနေပြီး  ခရီးတွင်အောင် လမ်းနီးရှိပါလျက်နဲ့  ဝေးအောင် လုပ်နေတာတဲ့ ခင်ဗျ။ ပြီးတော့ ပြောသေးသဗျ။ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပူးပေါင်းကော်မတီဟာ ချောင်ကြို ချောင်ကြားကနေ သွားမယ့်လူလို့ ပြောလိုက်သဗျ။
တုတ်ထိုး – မျက်ရည်ကျချင်လာပြီနော်။ ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြောတာ တကယ်မျက်ရည် ကျချင်လာပြီနော်။
အိုးပေါက် – ဒါနဲ့ ညောင်နှစ်ပင်ညီလာခံနေရာကြီး ဘာဖြစ်နေလဲဟင်။
တုတ်ထိုး – ချုံတွေ ထူထပ်နေပြီလေဗျာ။ ပြောရင်းဆိုရင်း မျက်ရည်ကျချင်လာပြန်ပြီ။
အိုးပေါက် – ဘာဖြစ်လို့။
တုတ်ထိုး – အဲဒီ ဗိုလ်ချုပ်ကြီးမမဟာ ညောင်နှစ်ပင်က ဆင်းသက်လာတာ ဖြစ်ရမယ်။ အခုတော့ ညောင်နှစ်ပင်လည်း ချောင်ကြိုချောင်ကြားမှာ ချုံတွေ တောထနေပါပြီလေ။ ဟဲ ဟဲ ဟဲ။ အဲဒါတွေ တွေးမိပြီး ရယ်ချင်လွန်းလို့ မျက်ရည်ကျချင်လာတာပါဗျာ။ ဘယ်သူက ချောင်ကြိုချောင်ကြားက လာတာလဲ။  စဉ်းစားလေ ရယ်ချင်လာလေပဲဗျာ။ ပြည်သူလူထုကြားက ရွေးချယ်တင်မြှောက်လိုက်တဲ့ သူတွေကို ချောင်ကြိုချောင်ကြားကသူတွေလို့ ပြောတော့ ကျုပ်တို့ပြည်သူတွေလည်း ချောင်ကြိုချောင်ကြားကလူတွေ ဖြစ်ကုန်ပြီဗျ။
အိုးပေါက် – မျက်ရည်ကျတယ်ဆိုတာ ကျုပ်တို့ပြည်သူတွေမှ တကယ့်မျက်ရည် ကျရမှာဗျ။ ကြည့်လေ။ ပညာရေး အသုံးစရိတ်နဲ့ ကျန်းမာရေးအသုံးစရိတ်ကို ကြည့်။ နှစ်ခုစလုံး စစ်အသုံးစရိတ်ကို မီလို့လား။
တုတ်ထိုး – ကျုပ်မျက်စိထဲမှာတော့လေ။ ဇေကမ္ဘာဦးခင်ရွှေကြီး ထီးဖြူကြီးဆောင်း။ ဆင်ကြီးပေါ်မှာစီးပြီး နေထိုင်လာခဲ့ ရတဲ့ဘဝကနေ အခုလို မျက်ရည်တောက်တောက်ကျရလောက်အောင် ခံစားနေရတယ် ဆိုတော့ ဘယ်လိုဝဋ်ကြွေးတွေကများ ဖိစီးနှိပ်စက်နေသလဲ စဉ်းစားမရပါဘူးဗျာ။
အိုးပေါက် – အတိတ်ကံ ပြုခဲ့သမျှတွေ အခုမှပေါ်လာခဲ့တာလားမှ မသိတာ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတယ် သဘောထားပေတော့ ကိုယ့်လူ။
တုတ်ထိုး – သာဓု၊ သာဓု၊ သာဓု။ လုံးစုံများစွာ သတ္တဝါဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေဗျာ။
အိုးပေါက် – မူးယစ်ဆေးဝါးနဲ့ စီးပွားရှာကြမယ့် သူတွေတော့အိပ်ရေးပျက်ညတွေကို ဖြတ်သန်းပြီး မျက်ရည် ကျရဦးမယ့် အစီအစဉ်တွေ လာနေပြန်ပြီဗျ။
တုတ်ထိုး – ဘာတွေတုန်းဗျာ။
အိုးပေါက် – ဘာဖြစ်ရမှာလဲ။ တိုးဂိတ်တွေမှာ မူးယစ်ဆေးဝါးရှာတဲ့ ဓာတ်မှန်စက်တွေထပ်ပြီး ရောက်ပြီတဲ့ဗျ။ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာ။ ဘို့တွေ တပ်ထားတဲ့ တစ်ဘို့တည်းသမားတွေအတွက် စီးပွားရေးလုပ်စားခွင့်တွေ ပျောက်ပြီး မျက်ရည်ဥတဲ့ညတွေ ညတာရှည်အိမ်မက်ဆိုးများမှာ မြင်ယောင်မိသေးတော့သဗျာ။
တုတ်ထိုး – မျက်ရည်တွေ တောက်တောက်တောက်တောက် ကျကြပေဦးတော့ပေါ့ဗျာ။
အိုးပေါက် – ဒါနဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ အမှုကိစ္စ ဘာထူးသလဲဗျ။
တုတ်ထိုး – ပြောပါဦးဗျာ။
အိုးပေါက် – ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘိုကလေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ရွေးချယ်ခံခဲ့ရတဲ့ လူလေဗျာ။
တုတ်ထိုး – သိပြီ၊ သိပြီ။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀နဲ့ တိုင်းလွှတ်တော်ရုံးမှာ အသုံးပြုမယ့် မော်တော်ယာဉ်ငါးစီး ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ ပြည်သူတစ်ဦးရဲ့ တိုင်ကြားမှုနဲ့ တရားရင်ဆိုင်နေရသူ မဟုတ်လား။
အိုးပေါက် – တရားမျှတမှု အမြဲနိုင်ပါစေကြောင်းဗျာ။
တုတ်ထိုး – ကိုင်းဗျာ။ ဒီနေ့ စကားဝိုင်းလည်း ဒီလောက်နဲ့နားလိုက်ကြပါစို့။ အယ်ဒီတာ မဆိုင်းမိုင်လည်း ကျန်းမာချမ်းသာပါစေကြောင်း၊ ဘုရားသခင်ရဲ့စောင်မမှုနဲ့ မြစ်ကြီးနားသတင်းဂျာနယ် အဓွန့် ရှည်ပါစေကြောင်း မေတ္တာရည်လောင်းလိုက်ရပါရဲ့ဗျာ။   ။

LEAVE A REPLY

Please enter your comment!
Please enter your name here