တြိဂံ၏ အလှတရား

929

မြစ်ကြီးနား၊ ဇူလိုင် ၂၈

ကျောင်းဖွင့်ချိန်။
ကျောင်းဖွင့်ချိန် ရောက်ပြီဆိုသည်နှင့် ဇွန်လ၏မိုးရေစက်လေးများအောက် လဲ့လဲ့လွင်လွင် လှပနေသောအနာဂတ်ပန်းပွင့်ကလေးများကို ကြည်ကြည်နူးနူးတွေ့မြင်ခဲ့ရသည်။

မိုးကာ၊ ထီး၊ ဖိနပ်၊ကျောင်းသုံးစာအုပ်၊ လွယ်အိတ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက။ မူးယစ်ကင်းစင်တို့ကျောင်းတော်တစ်ခွင်။ကျောင်းဖွင့်ချိန် နေ့ရက်များ၏ ရနံ့များသည် လွမ်းဆွတ်မှုများနှင့်အတူ အဝေးတွင်ကျန်ရစ်ခဲ့လေပြီ။

ပြီးခဲ့သည့်နှစ်။ စာသင်ခန်းများဆီမှ နှုတ်ဆက်ခွဲခွာခဲ့ရသော အမှတ်တရများဆီပြန်လွမ်းရင်း မေးခွန်းများက ဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ၏ စိုးရိမ်မှုဒီရေကို မြင့်တက်စေခဲ့သည်။ ဘယ်တော့ကျောင်းတွေ ဖွင့်မှာလဲ။ ဘယ်တော့မှ ကိုဗစ်ကင်းစင်မှာလဲ။

အခုတော့ စိုးရိမ်မှုဒီဂရီမြင့်တက်ခဲ့သူတို့ အတွက် ရွှေတံခါးကြီး ဖွင့်ပါပြီ။
ကျောင်းတွေ ပြန်ဖွင့်ကြပြီ။

သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသောကျောင်းတော်တို့ A အဆင့်ရကြ၍ ပြန်ဖွင့်ကြရပြီ။ ပျော်သူတို့ ပျော်ကြပြီ။ မော်သူတို့မောကြပြီ။ မောသူတို့ကားမောနေကြဆဲ။

“အရင်ကတော့ ကျောင်းတွေပိတ်ရင် သိပ်ပျော်တာပဲ။ အခုတော့ ကျောင်းပိတ်ရက်တွေကို အရမ်းမုန်းတယ်။ ကျောင်းတွေဖွင့်တော့ ပျော်ရတယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတယ်”

ကျွန်တော့်မိတ်ဆွေ၏ တူမလေးက သူ၏ ကျောင်းဖွင့်နေ့ရက်များ၏ အပျော်များ ရင်ဖွင့်ပြတော့ ကျွန်တော့်ဆီ အပျော်များ ကူးစက်လာကြသည်။ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ အသက်ဝင်လာချိန် ဘော်ဒါကျူရှင်လေးများက အသက်ငင်နေကြသည်ကတော့ အမှန်ပင်။

“ကျူရှင်ဆရာတွေကတော့ New Normal နဲ့တော့အံမကိုက်ဘူး ဖြစ်နေတာပေါ့။ New Normal Live Style မှာ သူတို့က အဆင်မပြေဘူး ဖြစ်နေကြတယ်”။
ထိုသို့ ပြောလာသူလည်း ရှိသည်။ သူက ဦးဇော်မျိုး။ ကျူရှင်ဆရာတစ်ယောက်။ ဘော်ဒါထောင်ထားသူ။ သို့သော် ကိုဗစ်နှင့်ပညာရေးကြား အပြောင်းအလဲထဲမှာ အနည်းနှင့်အများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသူတစ်ဦး ဖြစ်သည်။

“ကျောင်းသားတွေကစာသင်ချိန် အပြည့်အဝမရကြတော့ ဒုက္ခရောက်ကြမှာပေါ့။ အခါတိုင်း စာသင်ချိန်ပြည့်ပြည့်၀၀ သင်ကြရတာတောင်မှ ပင်ပင်ပန်းပန်း ကြိုးစားသင်ယူနေကြရတာလေ။ အဓိကကတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကလေးတွေက ပိုပြီးအခက်အခဲတွေ တွေ့ကြုံရမှာ”ဟူ၍ ဦးဇော်မျိုးက ပြောပြန်သည်။

စာသင်ချိန်က သိပ်မရှိတော့။ သည်ကြားထဲ စာသင်ချိန် အပြည့်အဝမရ။ အိမ်တွင် လေ့လာရမည့် စာတွေကလည်း တစ်ပုံကြီး။ အိမ်မှာ ကိုယ်တိုင် လေ့လာရမည့်စာများက စာမေးပွဲမှာထည့်မေးနိုင်သလား။ ကျောင်းတွင်းမှာ ဆရာ၊ ဆရာမ သင်ကြားသည့်စာများကိုပဲ စာမေးပွဲမှာ မေးမှာလား။ကျောင်းသူ ကျောင်းသားများကြား ဒွိဟဖြစ်နေကြသည်။ တချို့သင်ခန်းစာများကို ဖြုတ်သည်ဟုလည်း ပြတ်ပြတ်သားသား မထုတ်ပြန်ထား။

အိမ်တွင် လေ့လာရန်ဟုသာ ဆိုသည်။ “ကျွန်မကတော့ ကျောင်းမှာသင်ကြားတဲ့စာတွေကို ပထမဦးစားပေးအနေနဲ့ ကြည့်၊ အိမ်တွင်လေ့လာထားရန် ဆိုတဲ့ စာတွေကို ဒုတိယဦးစားပေးအနေနဲ့ ကြည့်လို့ သားကိုပြောပြထားတယ်။ တော်ကြာ အိမ်တွင်လေ့လာထားရန်ဆိုတဲ့ စာတွေကို မေးခဲ့ရင် မဖြေနိုင်မှာစိုးတယ်”ဟု ကျောင်းသားမိဘတစ်ဦး၏ရင်ဖွင့်စကားကိုလည်း ကြားရပြန်သည်။ ပညာရေး မဝေးဖို့ မိဘ၊ ဆရာ၊ ကျောင်းသားများ၏ ညီညွတ်မှုတြိဂံသည်ပူပင်သောကများနှင့် ပြေးလွှားနေသည်က အမှန်ပင်။

ဘော်ဒါမနေရသည့် ကျောင်းသား ကျောင်းသူများရော အခက်အခဲများရှိနိုင်ပါသည်လား။
“ကျောင်းသားတွေ အနေနဲ့လည်း ပိုကြိုးစားအားထုတ်ကြရမှာ အမှန်ပဲ။ ကျောင်းသားမိဘတွေ ကတော့ ပိုပြီး အဓိကကျနေတာဗျ။ တခို့ကျောင်းသားမိဘတွေက ကိုယ့်သားသမီးကို အိမ်မှာ မထားချင်ကြဘူး။ သားသမီးတွေကို မထိန်းကွပ်နိုင်တာတွေ ရှိကြတယ်။ဒီတော့ ဘော်ဒါတွေမှာ ထားချင်ကြတာပေါ့”ဟု ဦးဇော်မျိုးက ပြောပြန်သည်။

သူကလည်း သူ့ဘော်ဒါဖွင့်ချင်သည်။ သို့သော် သူမဖွင့်။ ဥပဒေကို သူ လေးစားသည်။ လိုက်နာသည်။ အခက်အခဲကတော့ ရှိသည်။ကျူရှင်ဆရာများသည်လည်းလူတန်းစားတစ်ရပ် ဖြစ်ပါသည်။

“… ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ဘော်ဒါဆောင်များနှင့် ကိုယ်ပိုင်သင်တန်းများသည်…. Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ခွင့်ပြုချက်၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက် ထားရှိမှုထောက်ခံချက်များ ရရှိပြီးမှသာ မိမိတို့၏ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း အသိပေးပါသည်။

အကယ်၍ လိုက်နာမှုမရှိဘဲ ခိုးဖွင့်သော ဘော်ဒါဆောင်နှင့် သင်တန်းများသည် Coronavirus Disease 2019 (Covid-19)တုံ့ပြန်မှုကော်မတီ အဆင့်ဆင့်၏ အပြစ်ပေးအရေးယူခံရမည် ဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးပါသည်ဟူသော ထုတ်ပြန်ချက်များကို ဦးဇော်မျိုး လိုက်နာသည်။ အချိန်ကာလအခိုက်အတန့်အားဖြင့် ကြံ့ကြံ့ခံကြဖို့ လိုသည်ဟု သူကခံယူထားသည်။

သို့သော်…။
“ကျူရှင်ဆရာ တစ်ယောက်အနေနဲ့ အလုပ်မလုပ်ရတော့ အလုပ်လက်မဲ့ဖြစ်တာပေါ့”ဟု ညည်းတွားနေရှာသည်။
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုဖြိုးသက်အောင်ကတော့ ဤသို့ ဆိုသည်။

“ကျောင်းသားမိဘတစ်ယောက် အနေနဲ့ ကလေးတွေရဲ့ ကျောင်းထားရတဲ့ အခက်အခဲက ရှိတယ်။ ကလေးတွေက အိမ်မှာထားရတဲ့အခါကျတော့ ကျွန်တော်တို့က စီးပွားရေးလုပ်နေရတော့ သူတို့ကို မျက်စိဒေါက်ထောက် မကြည့်နိုင်တော့ဘူးလေ။ ဂိမ်းသွားဆော့နေကြမှာ စိုးရိမ်ရ၊ ဖုန်းကြည့်နေမှာ စိုးရိမ်ရ၊ ဟိုဟိုဒီဒီ လျှောက်သွားလည်းစိုးရိမ်နေရတယ်။ ဘော်ဒါမှာထားတော့ တစ်ခါတည်းပြီးရောပေါ့။ ကျွန်တော့်အမြင်ပြောတာပါ”

“သင်ရိုးညွှန်းတမ်းတွေက များတယ်။ စာသင်ချိန်တစ်နှစ်အတွင်းမှာတောင်ဆရာ၊ဆရာမတွေက မနည်းသင်နေကြရတာမျိုး။ သင်ရိုးညွှန်းတမ်းတွေ လျှော့ချပေးတာမျိုး ရှိရင်တော့ ကောင်းမယ်ဗျ။ သင်ရိုး အကုန်သင်ရမယ်ဆိုရင်တော့ ကလေးတွေအတွက် သိပ်မလွယ်ကူနိုင်ပါဘူး။ အခုအနေအထားအရပေါ့လေ”ဟု သူက ဆက်ပြောသည်။

အစိုးရကျောင်းများ၊ကိုယ်ပိုင်ကျောင်းများ ဖွင့်လာသည့်အတွက် ကျောင်းသူကျောင်းသား၊ မိဘဆရာတို့၏ အပြုံးပုံရိပ်များကပညာရေးခရီးလမ်း၏ အလှတရားများ ဖြစ်ပါသည်။

နေ့စဉ်ဘဝမှာ ခပ်ခွာခွာ၆ပေအကွာမှာ နေပါ။
ကိုဗစ်ကာလ ပညာရေးခရီးမှ တြိဂံလမ်းကြားမှာပို၍ အလုပ်လုပ်နေကြရသည်က ဆရာ၊ ဆရာမများဖြစ်ကြသည်။ သင်ကြားရေးကိုလည်း တာဝန်ယူနေရသည်။ ကလေးများ၏ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအတွက်လည်း သူနာပြုတစ်ယောက်လို စောင့်ရှောက်ကြရသည်။ ဆရာ၊ဆရာမတို့၏ မေတ္တာတရားသည် ပို၍လင်းပွင့်လာကြသည်။ လေးစားဖွယ်ရာ အတိပင်။

စစ်သားတစ်ယောက်က လက်နက်နှင့်တိုင်းပြည်ကို ကာကွယ်နေရသလိုမျိုးဆရာတစ်ယောက်က မြေဖြူတစ်လက်နှင့် ကမ္ဘာကြီးကိုကာကွယ်နေရသည်။ အခြေအနေက ဆရာ၊ဆရာမများကို ကိုဗစ်ကာကွယ်ရေးမှူးတပ်ဦးမှာ နေရာချပေးထားသကဲ့သို့ ဖြစ်သည်။ ဆရာဝန်များ၊ သူနာပြုများ၊ ပရဟိတ သမားများက အတတ်နိုင်ဆုံး ခုခံကာကွယ်ပညာပေးနေကြသလိုမျိုး ဆရာ၊ဆရာမများကလည်း စာသင်ရင်း ကိုဗစ်ကာကွယ်ရေးမှာတာဝန်ရှိသူများ ဖြစ်လာကြသည်။ တာဝန်သည် ဆရာ၊ဆရာမများ၏ ပခုံးသားများအပေါ် ပြုတ်ကျလာခဲ့ပြီ။

တချို့မောပန်း။
တချို့အားတင်း။
တချို့ ညည်းတွား။
တချို့ စိတ်ပျက်။

သို့သော် သူတို့သည်ဆရာ၊ ဆရာမများ ဖြစ်ကြသည်။ တာဝန်နှင့်လစာမျှတပါရဲ့လား။ လစာသည် ဝမ်းရေး၊ အသက်ရှင်မှု၊ လူနေမှုဘဝမှာ မလုံလောက်။ဆရာဝန်တစ်ယောက်ကဆေးရုံမှာ တာဝန်ကျသည်ကို တာဝန်ကျေအောင် ဆောင်ရွက်သည်။ အသက်မွေးဝမ်းကျောင်းမှုအရ မိမိတတ်မြောက်ထားသော ဆေးပညာဖြင့် ဆေးခန်းဖွင့်သည်။ ဆေးကုသည်။ တချို့ဆရာ၊ ဆရာမများသည် လစာဖြင့် မိသားစုဝမ်းရေးမလုံလောက် ကျောင်းမှာတာဝန်ကျေသည်။ သို့သော်ဝမ်းရေးမလောက်။ ထို့ကြောင့် ကျူရှင်သင်သည်။ သို့သော် ဆရာ၊ဆရာမများကျူရှင်သင်ခြင်းက ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်၊ ကြိုးတန်းပေါ် လမ်းလျှောက်နေရသည့်ကိန်းမျိုး ဖြစ်သည်။

“ကျွန်တော်ကတော့ကျောင်းဖွင့်တာကို တအားသဘောကျတယ်။ ကလေးတွေ ပညာရေးနဲ့ အဆက်မပြတ်တော့ဘူးပေါ့နော်။ အများအားဖြင့် ကလေးတွေကကျောင်းမဖွင့်ရင် ဂိမ်းဆော့ကြတယ်ဗျာ။ အဆင်ပြေသလို နေကြတဲ့အခါကျတော့ပညာရေးနဲ့ ဝေးသွားမယ်။ပြီးတော့ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးကိုဆရာ၊ဆရာမတွေလောက်ထိန်းချုပ်နိုင်တဲ့ စွမ်းအားမရှိကြဘူး။ များသောအားဖြင့် ပေါ့လေ။ ပြီးတော့ ဆရာတွေနဲ့ ထိတွေ့ခွင့် ပြန်ရတဲ့အခါကလေးတွေအတွက် ကောင်းကျိုးတွေ အများကြီးရတာပေါ့။

ဥပမာဗျာ၊ ဖယောင်းကအပူနဲ့ဝေးရင် မာသွားသလိုအပူနဲ့နီးရင် ပျော့ပျောင်းလာတယ်။ ကလေးတွေရဲ့စိတ်ထား ပြန်နူးညံ့လာနိုင်တယ်။ ဆရာ၊ဆရာမတွေနဲ့နီးကပ်ခွင့်ရတဲ့ စွမ်းအားပေါ့ဗျာ”ဟု ရင်ဖွင့်လာသူက ဆရာဦးဇော်ဇော်တိုး။
သူကလည်း ကျူရှင်ဆရာတစ်ယောက်။ ဘော်ဒါတစ်ခု တည်ထောင်ထားသူတစ်ယောက် ဖြစ်သည်။

“ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့ကိုယ်တိုင်ကစိတ်ခိုင်ပြီးတော့မှ မညည်းတွားဖို့ရာတော့ လိုအပ်တယ်ဗျ။ ဆရာ၊ဆရာမတွေကိုယ်တိုင်က စိတ်မခိုင်ဘဲညည်းတွားနေရင် ကလေးတွေကို ဘယ်လိုမှ ရှေ့ဆောင်လမ်းပြ လုပ်ပေးနိုင်မှာ မဟုတ်ဘူးဗျ။ ခဏခဏညည်းပြနေတာမျိုး မလုပ်စေချင်ပါဘူး။ ကိုယ်တွေက ဆရာတွေ ဖြစ်တဲ့အတွက်ကိုယ်ကအရင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ဆက်လက်ပြီး ဆောင်ရွက်သွားကြရမှာပါပဲ။ အခက်အခဲရှိတိုင်း ညည်းတွားနေ၊ လက်ညှိုးထိုးနေကြရင်တော့အောင်မြင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ဆရာ၊ဆရာမတွေအဓိကကျတယ်လို့ ကျွန်တော်က မြင်ပါတယ်”ဟု သူက ဆက်လက်ရင်ဖွင့်ပြသေးသည်။

“ကျောင်းသားမိဘတွေအနေနဲ့ ကိုဗစ်ကာလမှာပေါ့၊ အခုချိန်မှာ အထက်တန်းကျောင်းတွေ ဖွင့်နေပေမယ့် အလယ်တန်းတွေ၊မူလတန်းတွေ မဖွင့်နိုင်သေးဘူး။ ဒီကြားထဲမှာ ကလေးတွေကိုတော့ ပစ်မထားသင့်ပါဘူး။ စီးပွားရေးတစ်ဖက်က ရှိနေသလို တစ်ဖက်ကလည်း သားသမီးတွေရဲ့ ရှေ့ရေးအတွက် ကျောင်းမဖွင့်ခင်ကာလမှာ သူတို့လေးတွေရဲ့ ကျောင်းစာနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်ပေးထားသင့်ပါတယ်။ ဖုန်းသုံးတာ၊ဂိမ်းဆော့တာတွေ နည်းအောင် မိဘတွေအနေနဲ့ကြပ်မတ်သင့်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့လည်း မိဘတွေက ဝိုင်းဝန်းကြဖို့ လိုပါတယ်။

ကိုဗစ်ကိုချည်း မကြောက်ရဘူး။ သွေးလွန်တုပ်ကွေးတို့ကိုလည်းကြောက်ရမယ်။ ကိုယ့်အိမ် သန့်ရှင်းရေးကို ဂရုစိုက်ကြရပါမယ်။သားသမီးတွေကို ဆရာတွေလက်ထဲမှာပဲ ပုံအပ်ထားတာမျိုး မဟုတ်ဘဲနဲ့ မိဘတွေကလည်း တစ်ဖက်တစ်လမ်းကနေပြီးတော့ ဆုံးမတာ၊ပညာပေးတာတွေ လုပ်သင့်ပါတယ်”ဟု ပြောသည်။

သူကလည်း အခုထိကျူရှင်မဖွင့်။ မဖွင့်။ လုံးဝမဖွင့်။ မဖွင့်နိုင်သေး။
“ကျူရှင် မဖွင့်ရတဲ့အတွက် ကျူရှင်ဆရာတွေအနေနဲ့တော့ အဆင်မပြေဘူးပေါ့ဗျာ။ ဒါကတော့ တစ်ချက်ပေါ့။ အများစုကတော့အားမနာတမ်း ပြောရရင်စည်းကမ်းကတော့ အတော်အားနည်းတယ်ဗျ။ ကျောင်းသူကျောင်းသားတွေ ထိန်းတဲ့နေရာမှာ အားနည်းတယ်။ ထားတဲ့နေရာမှာအားနည်းတယ်။ ဘော်ဒါဆောင်တွေက အများအားဖြင့် အဲဒီလိုမျိုး အားနည်းတယ်။ စာသင်ရင်လည်းကျူရှင်တွေက လူများရင်များသလောက် လက်ခံကြတာဗျ။ တစ်ရာရတစ်ရာလက်ခံတယ်။ ငါးဆယ်ရငါးဆယ် လက်ခံတယ်။ နည်းတဲ့ကျူရှင်ရှိသလို များတဲ့ကျူရှင်တွေလည်း ရှိတယ်။နည်းတဲ့ကျူရှင်လေးမို့ ကျူရှင်ဖွင့်ခွင့်ရလိုက်ရင် များတဲ့ကျူရှင်တွေက အများကြီးလူစုလူဝေး ဖြစ်သွားမှာ။ ကျူရှင်တွေက တချို့ဆိုတစ်ရာကျော် နှစ်ရာထိအောင်ရှိတာကိုး။ အဲ့ဒီတော့နည်းလို့လည်း ခွင့်ပြုပေးလို့မဖြစ်ဘူးဗျ။ တန်းတူညီမျှမရှိဘူးလို့ ပြောကြမှာ။ ခွင့်မပြုပြန်လည်း ဆူကြပူကြရှိကြဦးမှာ။ ဒါတွေကတော့ တစ်ဖက်ကကြည့်ရင် အခက်အခဲတော့ ရှိတာပေါ့။ ကျူရှင်ဆရာတွေဘက်က ကြည့်ရင်လည်း အခက်အခဲက ရှိကြတယ်။ သူတို့ ခွင့်မပြုမယ့်သူတွေဘက်က ကြည့်ရင်လည်းအခက်အခဲက ရှိတယ်”ဟု ဆရာဦးဇော်ဇော်တိုးက သူ့အတွေ့အကြုံနှင့် ခံစားမှုကိုရင်ဖွင့်ပြောဆိုခဲ့သည်။

ပြီးတော့ …
ကျူရှင်စနစ်များ တဖြည်းဖြည်းပပျောက်သွားနိုင်သည်ဟု သုံးသပ်ပြန်သေးသည်။ ။
ဆွေမြင့်စော
နောက်တစ်ပတ် ဆက်လက်ဖတ်ရှုရန် …

LEAVE A REPLY

Please enter your comment!
Please enter your name here