(ဖွင့်ဆိုရှင်းပြ ဆောင်းပါး)
ရေးသူ – စိုင်းခေ
မြန်မာလို “လူလေး၊ လုံမလေး” လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ ကောင်းလိုက်လဲ။ ကချင် (ဂျိန်းဖော့) ဘာသာစကားနဲ့ “La Kasha,Num Kasha” လို့ခေါ်လိုက်ရင်ရော ဘာများ နားဝင်မချိုစရာရှိလဲ။
ဒါပေမဲ့ ဘဝင်မတွေ့စရာ၊ နားဝင်ချိုစရာမကောင်းတဲ့အပြင် ကြားလိုက်ရင်ကြောထဲမှာ စိမ့်စိမ့်သွားတဲ့ “လူလေး” ဆိုတဲ့ စကားလုံး အသုံးအနှုန်းတချို့ ရှိနေပါတယ်။ ထင်ထင်ရှားရှားရှိတာကတော့ “Little boy” လို့ ခေါ်တဲ့ ဂျပန်ကို ပထမဆုံးကြဲချခဲ့တဲ့ အနုမြူဗုံးနာမည်နဲ့ နောက်တစ်ခုကတော့ အခုပြောမယ့် “လူလေး” လို့ အဓိပ္ပါယ်ရတဲ့ စပိန်ဘာသာနဲ့ဆို “El Nino”လို့ ခေါ်တဲ့ အရာပါ။
“El Nino” ဆိုတာကတော့ ဒီနိုင်ငံကလူတွေက နာမည်ပြောင်နဲ့ ခေါ်ကြတဲ့ “အန်တီညို” တဖြစ်လဲ “အယ်လ်နီညို” ဖြစ်ပါတယ်။ အယ်လ်နီညိုလို့ အသံကြားရင် ဘာကြောင့် လူတွေစိတ်ထဲ လန့်သွားကြတာပါလဲ။
- အယ်လ်နီညိုဆိုတာဘာလဲ။
ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ၊ မိုးလေဝသဆိုင်ရာ အသုံးတွေမပါဘဲ နားလည်လွယ်အောင် အနီးစပ်ဆုံး ကြိုးစားပြောပြပေးပါမယ်။
အယ်လ်နီညိုဆိုတာက သဘာဝကြီးရဲ့ ဖြစ်စဉ်တစ်ခုပါ။ ဘရာဇီး၊ ပီရူး စတဲ့နိုင်ငံတွေရှိတဲ့ တောင်အမေရိကတိုက်ဘက်ကို ကမ္ဘာ့အကြီးဆုံး ပစိဖိတ်သမုဒ္ဒရာထဲက ရေနွေးစီးကြောင်းတွေ စီးဆင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။
ပုံမှန်ဆိုရင်တော့ အီကွေတာတလျှောက် တိုက်ခတ်နေတဲ့လေကြောင့် ပစိဖိတ်သမုဒ္ဒရာပေါ်က ရေနွေးစီးကြောင်းဟာ အာရှဘက်ကို စီးဆင်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အယ်လ်နီညိုဖြစ်ရင်တော့ ရေနွေးစီးကြောင်းဟာ တောင်အမေရိကဘက်ကို ပြောင်းပြန် ပြန်စီးသွားတာပါ။
အဲဒီလို ပြောင်းပြန်စီးဆင်းရတာဟာ သဘာဝရဲ့ စက်ဝန်းကြောင့်ဖြစ်ပါတယ်။ အဲဒီစက်ဝန်းရဲ့ သဘောအရ အာရှဘက်ကို တိုက်တဲ့လေတွေဟာ အချိန်တစ်ခုရောက်ရင် အားပျော့သွားပြီး ရေနွေးစီးကြောင်းကို အာရှဘက်ကို တွန်းမပို့နိုင်တော့ပါဘူး။ ဒါကြောင့် ရေနွေးတွေဟာ တောင်အမေရိကတိုက်ဘက်ကို ပြန်ရောက်သွားတာဖြစ်ပါတယ်။ အဲဒီလို ဖြစ်စဉ်ကို အယ်လ်နီညိုလို့ ခေါ်တာဖြစ်ပါတယ်။
- ရေနွေးစီးကြောင်းပြောင်းတော့ ဘာဖြစ်လဲ။
သဘာဝဖြစ်စဉ်အရ လေထုပူနွေးစွတ်စိုမှုများရင် မိုးရွာပါတယ်။ ဆိုလိုတာက အာရှဘက်မှာ ရေနွေးတွေမရှိတော့ရင် လေထုပူနွေးစွတ်စိုမှုက လျော့ကျသွားမှာဖြစ်ပြီး မိုးခေါင်၊ ရေရှားတာတွေ ဖြစ်လာနိုင်တာပါ။
တဖက်မှာလည်း တောင်အမေရိကတိုက်ဘက်မှာ ရေနွေးတွေစုပုံလာတာကြောင့် လေထုပူနွေး စိုစွတ်မှုများပြီး မိုးကြီး၊ ရေလျှံတာတွေ ဖြစ်သွားနိုင်တာပါ။
ဒီတော့ အာရှဘက်ခြမ်းက ဒေသတွေမှာ မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေးကဏ္ဍထိခိုက်လာနိုင်သလို တောင်အမေရိကဘက်ခြမ်းက ဒေသတွေမှာလည်း မိုးကြီးရေလျှံပြီး စိုက်ပျိုးရေးကဏ္ဍတွေ ထိခိုက်သွားနိုင်တာပါ။ ဒါ့အပြင် လူမှုဘဝတွေနဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပြီး လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ အခြေနေဖြစ်ပါတယ်။
- အယ်လ်နီညိုဘယ်လောက်ဆိုးလဲ။
၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ “၁၈၇၆-၁၈၇၈ ခုနှစ် ကမ္ဘာ့အငတ်ဘေးကြီးနဲ့ ရာသီဥတု (Climate and the Global Famine of 1876–78)” ဆိုတဲ့ သုတေသနစာတမ်းမှာတော့ ၁၈၇၆-၁၈၇၈ ခုနှစ် တုန်းက အယ်လ်နီညိုဖြစ်ပြီး မိုးခေါင်းရေရှားတာကနေ လူဦးရေ သန်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ တွက်ဆထားပါတယ်။
အဲဒီသုတေသနကိုတော့ ပညာရှင်တွေ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးဆောင်ခဲ့သူကတော့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်အမျိုးသမီးဖြစ်တဲ့ ပါမောက္ခ Deepti Singh ဖြစ်ပါတယ်။
စာတမ်းမှာဖော်ပြထားချက်အရ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားတာကနေ စစ်ပွဲတွေ၊ စီမံခန့်ခွဲမှုအလွဲတွေ၊ ကိုလိုနီစနစ်တွေကြောင့် လူပေါင်း သန်း ၅၀ ကျော်၊ အဲဒီခေတ်က ကမ္ဘာ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဘက်ခေတ်မှာတော့ အဲဒီလောက်ဆိုးရွားတဲ့ လူသေဆုံးမှုတွေမဖြစ်ခဲ့ပေမဲ့ ထိခိုက်မှုပြင်းထန်တဲ့ အယ်လ်နီညိုကာလကတော့ ၁၉၉၇-၁၉၉၈ တုန်းက ဖြစ်ပါတယ်။
အဲဒီတုန်းက ထိခိုက်မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇ ထရီလီယံဖိုး ရှိခဲ့ပြီး ၂၁ ရာစုထဲမှာတော့ အယ်လ်နီညိုကြောင့် ဆုံးရှုံးမှု ၈၄ ထရီလီယံအထိ ရှိနိုင်တယ်လို့ အမေရိကန်က Dartmouth ကောလိပ်ရဲ့ ၂၀၂၃ ခုနှစ်ထုတ် သုတေသနက ခန့်မှန်းထားပါတယ်။
- အယ်လ်နီညိုက နှစ်တိုင်းဖြစ်တာလား၊ တစ်ခါဖြစ်ရင် ဘယ်လောက်ကြာလဲ။
အယ်လ်နီညိုဟာ နှစ်တိုင်းဖြစ်တာတော့ မဟုတ်ပေမဲ့ ပုံမှန်တော့မရှိပါဘူး။ မိုးလေဝသ အဖွဲ့ကြီးတွေရဲ့ ခန့်မှန်းချက်အရ ပျမ်းမျှ ၂ နှစ်ကနေ ၇ နှစ်အတွင်းဖြစ်လေ့ရှိပြီး တစ်ခါဖြစ်ရင်တော့ ၉ လနေ အားပြင်းတဲ့နှစ်တွေမှာ တစ်နှစ်ခွဲ အထိ ကြာမြင့်တယ်လို့ ဆိုကြပါတယ်။
သိပ်မကြာသေးတဲ့ ၂၀၂၃ တုန်းကလည်း အယ်လ်နီညိုဖြစ်ခဲ့ဖူးပြီး ၂၀၂၄ နှစ်လယ်လောက်ထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီ ၂၀၂၄ တုန်းကတော့ မြန်မာနိုင်ငံက မြို့တွေတော်တော်များများမှာ အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
- ဘယ်တော့ထပ်ဖြစ်မလဲ။
စိတ်မကောင်းစရာကတော့ အခု ၂၀၂၆ နှစ် အယ်လ်နီညိုထပ်ဖြစ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသ စောင့်ကြည့်သူတွေက ခန့်မှန်းထားတာပါ။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ဖော်ပြခဲ့တဲ့ ရိုက်တာရဲ့သတင်းတစ်ပုဒ်မှာဆိုရင်လည်း မေလကနေ ဇူလိုင်လအတွင်း အယ်လ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ၈၂ ရာခိုင်နှုန်းအထိ ရှိနေပြီလို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနကို ကိုးကားပြီး ဖော်ပြထားတာပါ။
ဒါ့အပြင် ဂျပန်နိုင်ငံ မိုးလေဝသဗျူရိုကလည်း လာမယ့် နွေရာသီမှာ အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားဖို့ ၉၀ ရာခိုင်နှုန်း သေချာသလောက်ရှိနေပြီဆိုပြီးတော့လည်း ရိုက်တာက ရေးထားပါတယ်။(ဂျပန်ရဲ့ နွေရာသီဟာ ဇွန်-ဇူလိုင်လမှာ စတာဖြစ်ပါတယ်။)
- မြန်မာနဲ့ အယ်လ်နီညို
ပညာရှင်တွေက အယ်လ်နီညိုဖြစ်မယ်လို့တော့ အတိအကျပြောသေးတာမဟုတ်တဲ့အတွက် အရမ်းကြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ ဖြစ်လာခဲ့မယ်ဆိုရင်တော့ မြန်မာအပေါ် ထိခိုက်မှုပြင်းနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီနဲ့ မြေဩဇာ ရှားပါးနေပြီး စိုက်ပျိုးရေးကဏ္ဍအတွက် စိန်ခေါ်မှုတွေပြည့်နေတဲ့နိုင်ငံမှာ အယ်လ်နီညိုသာဖြစ်လာခဲ့ရင် ၂၀၂၇ ဟာ မတွေးရဲစရာပါ။ နောက်တစ်ချက်ကတော့ စစ်အာဏာရှင်အုပ်ချုပ်နေတာကြောင့်ပါ။
အားရစရာကတော့ စီမံခန့်ခွဲမှုပါရဂူကြီး သမ္မတ ဦးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ လာမယ့်နှစ်အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတာ အခုထိ ဘာမှရေရေရာရာမပြောသေးသလို သူတို့အခုလုပ်နေတဲ့ ရက် ၁၀၀ စီမံကိန်းတွေဟာလည်း ဘာမှရေရေရာရာ ရှိမနေတာပါပဲ။
================
စာကြွင်း ။ ။ ၁၆၀၀ ပြည့်လွန်နှစ်တွေက အယ်လ်နီညိုဖြစ်စဉ်ကို ပီရူးနိုင်ငံက ငါးဖမ်းသမားတွေက စသတိထားမိပြီး ဒီဇင်ဘာမှာ ရေနွေးစီးကြောင်းရောက်လာတတ်လို့ တံငါသည်တွေက ခရစ်တော် ကလေးငယ် ( El Niño de Navidad) လို့ စခေါ်ခဲ့တာပါ။
အဲဒီနောက် သိပ္ပံပညာရှင်တွေက အဲဒါကို အစွဲပြုပြီး El Nino လို့ သုံးနှုန်းခဲ့သလို အဲဒီဖြစ်စဉ်ရဲ့ ပြောင်းပြန်ကိုတော့ စပိန်လို မိန်းကလေးလို့ အဓိပ္ပါယ်ရတဲ့ လာနီညာ (La Niña) လို့ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။







