ပူတာအိုဒေသအထိ ရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး ဟောပြောမဲဆွယ်မှု

2
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း

 

မေ၊၁၉

စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ မြစ်ဆုံအထက်ဘက် မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ပူတာအိုဒေသအထိ ရောက်ရှိလာပါပြီ။

မနေ့ကမေလ ၁၈ ရက်နေ့မှာ ပူတာအိုမြို့မှာ ဒေသခံရဝမ်နဲ့ လီဆူတိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဒီနေ့ မေလ ၁၉ ရက်နေ့မှာ တိုင်ခမ်းတီနဲ့ ဂျိန်းဖော့မျိုးနွယ်စုကို တစ်အိမ်တစ်ယောက် မလာမနေရ တက်ရောက်ခိုင်းတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ်ပိုင်းမှာ မချမ်းဘောမြို့က ဒေသခံပြည်သူတွေနဲ့လည်း ထပ်မံတွေ့ဆုံပြီး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားမှာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်ဒေသခံကော်မတီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ပြောဆိုပါတယ်။

ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းကလည်း ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်တွေအပေါ် သုံးသပ်ရှင်းလင်းခဲ့တယ်လို့ ကြားသိရပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးနဲ့ ပတ်သက်လို့ အခုလိုအောက်ခြေမှာ မဲဆွယ်စည်းရုံးမှုတွေသာမက အစိုးရသတင်းစာတွေကနေလည်း မကြာခဏဆိုသလို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြစည်းရုံးမှုတွေ ရှိနေပေမဲ့ အကောင်အထည်မဖော်စေချင်တဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။

ဒေသခံပြည်သူတွေကို မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မကြာခဏ နေရာဒေသပြောင်းလဲပြီးတော့ မဲဆွယ်မှုတွေ ပြုလုပ်နေပေမဲ့ လုံးဝပါဝင်သဘောတူညီမှာ မဟုတ်ဘူးလို့ ပူတာအိုဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

လုံးဝသဘောတူညီမှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် အဲဒါလုပ်ပြီဆိုတာနဲ့ ကျွန်တော်တို့က မြစ်ကြီးနားဒေသတစ်ဝိုက်ပဲ ကြည့်လို့မရဘူး။ ပူတာအိုတောင်မှ ဒီဘက်မချမ်းဘောတံတားလောက်အထိ ရောက်လာနိုင်တယ်(မြစ်ရေကို ဆိုလိုရင်းဖြစ်) ဒေသခံမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့အရင်းအမြစ်တွေအားလုံးက အဲဒီမလိခမြစ်အောက်ဘက်ပိုင်းမှာရှိတာ။ အဲဒါတွေအားလုံး ပျောက်သွားနိုင်တယ်။လို့ ဆိုပါတယ်။

ရေ၊ မြေတွေ၊ ကျေးရွာတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်လာမယ့် ဆိုးကျိုးကိုတွေ့မြင်ရတာကြောင့် အရင်ကတည်းက ဒေသခံပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ သဘောမတူဘူးလို့လည်း ဆက်လက်ပြောကြားပါတယ်။

ပညာရှင်တွေရဲ့သုံးသပ်ဖော်ပြချက်အရတော့ စီမံကိန်းဧရိယာဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက်သာ ဝေးပြီး ငလျင်ကြီးလှုပ်ခတ်ခဲ့ရင် ရေကာတာကိုထိခိုက်မယ့် အန္တရာယ်ရှိတာကြောင့် မြစ်ကြီးနားမြို့ဟာ ရေအောက်နစ်မြုပ်သွားမယ်လို့လည်း ခန့်မှန်းကြပါတယ်။

ဒါ့အပြင်ပညာရှင်တွေရဲ့ အစီရင်ခံစာအရ မြစ်ဆုံစီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။

မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံ ဖြစ်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားကြ ပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ အခွင့်ကောင်းယူပြီး မြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ လုပ်ဆောင်တာဟာ အများပြည်သူနဲ့ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေရဲ့ သဘောထားတွေကို လုံးဝ လျစ်လျူရှုရာရောက်နေတယ်လို့ ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်(KHRW)ကပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က သဘောထားထုတ်ပြန်ထားပါတယ်။

မြစ်ဆုံစီမံကိန်းဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက တရုတ်နဲ့ နားလည်မှု စာချွန်လွှာ(MOU)လက်မှတ်ရေးထိုးစတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲဒီတုန်းက မြစ်ဆုံ တစ်ဖတ်တချက်က ဒေသခံပြည်သူတွေကို မြစ်ဆုံနဲ့ ၁၀ မိုင်ဝန်းကျင်လောက်အကွာက အောင်မြင်သာစံပြကျေးရွာနဲ့ မလိယန်ကျေးရွာတွေမှာ အစားထိုးပြောင်းရွှေ့နေထိုင်စေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့ဒေသခံတွေအပါအဝင် တခြားပြည်နယ်နဲ့ တိုင်းက ပြည်သူတွေကပါ စီမံကိန်းကြောင့်ခံစားရမယ့် ဆိုးကျိုးတွေကိုသိရှိတာကြောင့် ကန့်ကွက်ခဲ့ကြပြီး သမ္မတဦးသိန်းစိန် လက်ထက်ကနေ ၁၀ စုနှစ်တစ်စုကျော်ကြာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ် မေလမှာ စစ်ခေါင်းဆောင်သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလောက်တာဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့်လို့ ပြောခဲ့ပါတယ်။ အဲဒီနှစ် ဩဂုတ်လကုန်ပိုင်းမှာတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ တခြား စီမံကိန်းတချို့ကို တရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထပ်ပြီးထုတ်ပြောခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကြောင်းလည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာတော့ စစ်တပ်ရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ မြစ်ကြီးနားခရီးစဉ်မှာ စီမံကိန်းပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ အဲဒီနောက်ပိုင်း မဲဆွယ်ဟောပြောမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စီမံကိန်းကို ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်တဲ့ SPIC Yunnan International Power Investment (SPICYN) ရဲ့ ဦးဆောင်အဖွဲ့နဲ့ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

SPICYN ဟာ မြစ်ဆုံစီမံကိန်းကို စတင်အကောင်အထည်ဖော်တုန်းက ပါဝင်တဲ့ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI) ကို နာမည်ပြောင်းလိုက်တဲ့ SPIC ကုမ္ပဏီလက်အောက်က ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရင် အကျိုးအမြတ်နဲ့ ရင်းနှီးမြုပ်နှံမှုကို ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ စစ်အုပ်စုကနေ အခုထိ ပွင့်ပွင့်လင်းလင်း မပြောသေးပါဘူး။

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အတွင်က မြစ်ကြီးနားမြို့နဲ့ အခြားမြို့အချို့မှာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေတာ အခုဆိုရင် အကြိမ် ၂၀ ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here