ဒေါက်တာခလမ်ဆမ်ဆွန်အား ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့သော်လည်း မိသားစုနှင့် တွေ့ဆုံခွင့်မရရှိသေး

187
ဒေါက်တာခလမ်ဆမ်ဆွန်
ဇန်နဝါရီ၊၁၁

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပထမဦးဆုံးအကြိမ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီကနေ့ ရုံးထုတ်ခဲ့ ပေမယ့် မိသားစုနဲ့ တွေ့ဆုံခွင့်မရရှိသေးဘူးလို့ သိရပါတယ်။

ရုံးထုတ်လာချိန်က ဆရာကြီးကို တစ်ဖာလုံလောက်ဝေးတဲ့ နေရာကနေသာ မြင်ခွင့်ရလိုက်ပြီး အနီးကပ်တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ဆရာကြီးရဲ့ ဇနီးဖြစ်သူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“တွေ့လို့မရဘူး။ အဝေးကနေပဲစောင့်ပြီး ပြန်လှည့်လာခဲ့တာ။ အဝေးကနေဆိုတော့ ကောင်းကောင်းမတွေ့ရဘူး။ တစ်ဖာလုံလောက်ဝေးတာ။ သူဟာသူ လမ်းလျှောက်လာတာဆိုတော့ ကျန်းမာတယ်ထင်တယ်”လို့ဆိုပါတယ်။

ဒီကနေ့ ရုံးထုတ်တာဟာ အကျဉ်းထောင်အတွင်းမှာသာဖြစ်ပြီး ရှေ့နေတွေနဲ့ တွေ့ဆုံပြောဆိုကြပြီလို့ ကြားသိရတဲ့အကြောင်းလည်း KBCရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဆရာကြီးနဲ့ ပတ်သက်ပြီး (KBC)ဆွေးနွေးအဖြေရှာ ညှိနှိုင်းရေးကော်မတီမှ အဖွဲ့ဝင်အချို့၊ မိသားစုဝင်တွေနဲ့ စစ်ရှောင်စခန်းနေပြည်သူအယောက်(၄၀)ဝန်းကျင် ဆရာကြီးကို အဝေးကနေ ဒီကနေ့ မြင်တွေ့ခွင့်ရလိုက်တယ်လို့KBCရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာပါ။

လက်ရှိ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)အပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က နဲ့အမှုဖွင့်ထားတယ်လို့ ပြောဆိုနေကြပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဇန်နဝါရီလ(၁၃)ရက်နေ့မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံ ရုံးထုတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာလ(၅)ရက်နေ့က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲအချိန် မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here