နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီး စစ်ကောင်စီက ဖိတ်ခေါ် တဲ့အပေါ် ခေါ်ပုံခေါ်နည်း လိုအပ်နေသေးတယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

93

 

စက်တင်ဘာ၊ ၂၇

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်ကောင်စီက ကမ်းလှမ်းဖိတ်ခေါ် တဲ့အပေါ် ခေါ်ပုံခေါ်နည်း လိုအပ်နေသေးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က မှတ်ချက်ပြုလိုက်ပါတယ်။

ခေါ်ပုံ၊ခေါ်နည်း နဲနဲများလိုနေသလားလို့ပါဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုလာတာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ခေါ်ယူတဲ့ ထုတ်ပြန်စာဟာ ဘာကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလည်းဆိုတာကို ထုချေလွှာတင်ပြတာနဲ့ သန်ခေါင်စာရင်း ကောက်မည်ဖြစ်ကြောင်း ကြေညာတဲ့ ထုတ်ပြန်ချက်ဆိုပြီး ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်းဆိုတဲ့ ထုတ်ပြန်စာထဲမှာ စစ်ကောင်စီဟာ သူတို့ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းတွေကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်ကောက်ယူတော့မှာဖြစ်တာနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်မတော်က အာဏာလွဲပြောင်းရယူထားတာဟာ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွင်း မဲမသမာမှုနဲ့အတူ နိုင်ငံတော်အာဏာကို မမှန်ကန်တဲ့ နည်းနဲ့ ရယူဖို့ကြိုးပမ်းတာတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းသိမ်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊အရပ်ဘက်တွေနဲ့ မျှမျှတတဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်ကိုဆောင်ရွက်တာနဲ့ လွတ်လပ်ပြီးမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပဖို့ ဦးတည်ဆောင်ရွက်နေပေမဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက် တိုက်ခိုက်တဲ့ နည်းလမ်းတွေကြောင့် နိုင်ငံတော်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အဟန့် အတားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှု့ပြီးတော့ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့(PDF)တွေကို လက်နက်ကိုင် လမ်းစဉ်စွန့်လွတ်ပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်း ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းကနေဖြစ်ဖြစ် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ဆိုပြီး မနေ့က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်လာတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here