“စစ်ရှောင်စခန်းမှာ သူများကျွေးတာ စားပြီးနေလာခဲ့တာ ကြာပြီဆိုတော့ အခု ကိုယဘာသာကိုယ် အိမ်နဲ့ ဝင်းနဲ့ သပ်သပ်ရပ်ရပ် နေရတော့မှာဆိုတော့ ပျော်ပါတယ်”ဟု ဒေါ်အားချီက အိမ်အတွင်းဘက်ကို မျက်လုံးလေး ဝှေ့ပတ်ကြည့်ကာ ပြောပြသည်။
ဒေါ်အားချီသည် လွန်ခဲ့သည့် (၁၀)နှစ်နီးပါးက ဝိုင်းမော်မြို့နယ်၊ ဆွတ်ရာယန်ကျေးရွာတွင် ဖြစ်ပွားသည့် တစ်ကျော့ပြန် တိုက်ပွဲကြောင့် မိမိမိသားစုနှင့် အတူ ထွက်ပြေးတိမ်းရှောင်လာရင်း အစိုးရက ဖွင့်လှစ်ပေးထားသည့် ခတ်ချိုစစ်ရှောင်စခန်းကို ရောက်ရှိ လာသူ ဖြစ်ပါသည်။
စစ်ရှောင်စခန်း ရောက်ပြီးနောက် အမျိုးသားဆုံးသွားသည့်အတွက် သားသမီး(၃)ယောက်ကို ပြုစုပျိုးထောင်ရေးနှင့် မိသားစုစားဝတ်နေရေးသည် သူမ၏ပုခုံးပေါ်ကို အလိုလိုရောက်ရှိလာပါတော့သည်။
စခန်းက ထောက်ပံ့ပေးသော ရိက္ခာသည် မိသားစုစားဝတ်နေရေး လုံလောက်မှု မရှိသည့်အတွက် ကြုံရာကျပန်းအလုပ်မျိုးစုံကို လုပ်ကိုင်ရင်း ရရှိလာသည့် ချွေးနည်းစားကို သာရေး၊ နာရေး၊ ကျန်းမာရေးနှင့် မိသားစု စားဝတ်နေရေးများ၌ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။
သူမအနေဖြင့် ရပ်နီး၊ ရပ်ဝေးသို့ မကြာခဏ ဆိုသလို သွားရောက် အလုပ်လုပ်ကိုင်နေရသည့် အတွက် ကလေးများ၏ ပညာရေးကို ဂရုမစိုက်အားသဖြင့် ကလေးများက အတန်းပညာ (၃)တန်းအထိသာ တက်ခဲ့ရကြကြောင်း ကလေးများကိုကြည့်ပြီး ပြောပြပါသည်။
“ကျွန်မလည်း ခဏခဏ ခရီးထွက်ပိုက်ဆံရှာနေတော့ ကလေးတွေကို ကောင်းကောင်း မကြည့်နိုင်ဘူးလေ။ ကလေးတွေကိုတော့ ဒီအတိုင်းပဲ ထားခဲ့တယ်။ ပတ်ဝန်းကျင်က လူတွေကို ကြည့်ခိုင်းထားတယ်။ အဆင်ပြေသလိုပေါ့”ဟု ဒေါ်အားချီက ပြောပါသည်။
စစ်ရှောင်စခန်း အတွင်း နေထိုင်သူများ တစ်ဦးလျှင် (၁၅)သိန်းစီစုပေါင်းပြီး မြေကွက်ဝယ်ယူကာ ခွဲယူမည့် အစီအစဉ်တွင် ပါဝင်နိုင်ကြောင်း တာဝန်ခံက ပြောပြသဖြင့် နေ့စားအလုပ် လုပ်ကိုင်ပြီး ကုတ်ခြစ်စုဆောင်းထားသည့် ငွေလေးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သူမအနေဖြင့် ဝယ်ယူထားသည့် မြေကွက်ခြံဝင်းပေါ်တွင် လူမှုရေးအသင်းနှင့် ပေါင်းပြီး ဆောက်ထားသည့် ခြေတံရှည်အိမ် တစ်လုံးနှင့် အိမ်နှင့်ကပ်လျက်ဆောက်ပေးထားသည့် မီးဖိုချောင်၊ ရေချိုးခန်းနှင့် အိမ်သာတစ်လုံးတို့ကို ရရှိထားပါသည်။
ခြေတံရှည် ပျဉ်းခင်း၊ ထရံကာ၊ သွပ်မိုးအိမ်လေးသည် တံခါးမကြီးနှင့် အခန်းတံခါးများ၊ ပြူတင်းပေါက် များက တစ်ဖက်နှင့်တစ်ဖက်စေ့လို့ မရကြောင်း၊ ပျဉ်ခင်းကလည်း တစ်ချပ်နှင့် တစ်ချပ် မီးခြစ်တစ်လုံးစာခန့်ဟနေကြောင်း၊ သွပ်မိုးကလည်း သံပေါက်ရာများကြောင့် အပေါက်ငယ်လေးများ ဖြစ်ပေါ်နေကြောင်း၊ ကြွက်လျှောက်တန်းများကို သံဖြင့် မရိုက်ထားပေးကြောင်းကို ဒေါ်အားချီက လိုက်လံပြသပြီး ပြောပြသည်။
ထို့အပြင် ထရံကလည်း ဆွေးနေသည်သာမက ဝါးနုဖြင့်သာ ရက်လုပ်ထားသောကြောင့် ကဲျနေပြီး အပေါက်များဖြစ်ကာ နေအရမ်းထိုးပြီး လေအရမ်းဝင်ကြောင်းနှင့် အိမ်ခြေတိုင်များကိုလည်း မြေထဲ၌ မြှုပ်မထားပေးသည့် အတွက် တစ်အိမ်လုံး တုန်ခါနေကြောင်း ဒေါ်အားချီက လိုက်လံပြသပြီး ပြောပြသည်။
သူမအနေဖြင့် စိတ်ပူရသည့် အချက်တစ်ခုက အိမ်အရမ်းယိုင်နေသည့်အတွက် အောက်ထပ်ကို အုတ်တက်ပြီး ကာလိုက်ဖို့ ငွေမရှိသည့်အတွက် စိတ်ပူကြောင်း ပြောသည်။
“အိမ်က အရမ်းယိုင်တယ်။ အိမ်ခြေတိုင်ကမမြှုပ်ထားတော့ အိမ်ပေါ်တက်ရင် အရမ်းယိုင်တယ်။ အောက်ထပ်ကို အုတ်တက်ပြီး ကာရမယ်။ မဟုတ်ရင် လဲကျသွားနိုင်တယ်။ အုတ်မတက်ရင် မရဘူး။ အဲဒါရှာရဦးမယ် ကျွန်မ စိတ်ညစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်တက်လာရင်တောင်အိမ်က တုန်နေတာပဲ။ လေတိုက်တဲ့အချိန်ဆို ပိုဆိုး၊ ယိုင်လာမှာ”ဟု ဒေါ်အားချီက ပြောပါသည်။
ထိုသို့ ဖြစ်နေသော်လည်း ဒေါ်အားချီက “ဒီလောက် လာလုပ်ထားပေးတာလည်း ကောင်းပါပြီ။ ကျွန်မကတော့ ကျေနပ်တယ်။ ကျွန်မအနေနဲ့ဆို တစ်ယောက်ထဲ ဒီလောက်အများကြီး မလုပ်နိုင်ဘူးလေ”ဟု ကျေနပ်နေသည့် အပြုံးဖြင့် ပြုံးပြပါသည်။
နောက်လခန့်တွင် ယင်းနေအိမ်သို့ စခန်းမှ အပြီး ရွှေ့ပြောင်းရတော့မည်ဖြစ်သည့် ဒေါ်အားချီတို့ မိသားစုသာမက အခြားစစ်ရှောင်များကလည်း မိမိ၏ လုံခြုံရေးထက် နေအိမ်၏ ခိုင်ခံ့မှုကို ပို၍ စိုးရိမ်မှုများဖြစ်ပေါ်နေရကြောင်း ပြောင်းရွှေ့ စစ်ရှောင်ပြည်သူများက ပြောပါသည်။
ယင်း ပြောင်းရွှှေ့အိမ်ရာဖက်ကို ပြောင်းရွှေ့နေထိုင်မည်ဆိုပါက ဒုတိယအချက်အနေဖြင့် လျှပ်စစ်မီးရရှိရန် အတွက်လည်း အဓိကကျနေကြောင်း စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်သော်တာက ပြောပါသည်။
“အမှန်အတိုင်း ပြောရရင် ဒီနေရာကလည်း မလုံခြုံပါဘူး။ ဘာလို့လဲဆိုရင် ရွာစွန် ဖြစ်နေလို့လေ။ နောက်ကျောမှာဆိုရင် တောပဲရှိတယ်ဆိုတော့ အန္တရာယ်များတယ်လေ။ ကိုယ်ကမွေးထားတာ သားသမီးပျိုလေးတွေဆိုတော့ သတိနဲ့နေရတယ်။ အိပ်နေရင်တော့ အသံကြားတာနဲ့ ထကြည့်ရတယ်။ တခြားကို အလုပ်သွားလုပ်မယ် ဆိုရင်တော့ ကလေးတွေကို အိမ်မှာထားခဲ့လို့မရဘူး”ဟု ဒေါ်သော်တာက ခပ်တိုးတိုးလည်း အနားကပ်ပြီး ပြောပါသည်။
၎င်းတို့အနေဖြင့် မိမိ၏ရွာကို စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိမှသာလျှင် ပြန်ရန်ဆုံးဖြတ်ထားကြပြီး လက်ရှိ ပြောင်းရွှေ့နေထိုင်သည့် အိမ်ရာ၌သာ အခြေချပြီး နေထိုင်ကြရန် ဆုံးဖြတ်ထားကြကြောင်း ဝိုင်းဖွဲ့ပြောပြခဲ့သည်။
ထိုသို့ ဆုံးဖြတ်ခဲ့ရခြင်းမှာလည်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က ကြုံခဲ့ရသည့် တိုက်ပွဲကို နောက်ထပ်မကြုံလိုသည့် အတွက်ကြောင့်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကအစ အဆင်မပြေသည့် နေရာ၌ ပြန်လည်နေထိုင်ရန် မသင့်ကြောင်း ကလေးများ အတွက်စဉ်းစားပြီး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“အဲဒီမှာ သွားနေမယ်ဆို ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးကလည်း ရှိသေးတယ်လေ။ ပြီးတော့ ကျွန်မတို့ စီးပွားရေးတွေလည်း ရှိသေးတယ်လေ။ အဲဒီတော့ အဲဒီမှာ သွားနေဖို့အထိတော့၊ အဆင်မပြေဘူး။ သားသမီးတွေရဲ့ ပညာရေးကိုလည်း စိတ်ချရတယ်။ အဲဒါကြောင့် အဲဒီကိုပြန်နေဖို့ မရည်ရွယ်တော့ဘူး။ စိတ်တောင်မကူးဘူး။ ဒီမှာပဲနေတော့မယ်”ဟု ဒေါ်ထွေးထွေးမြင့်ကလည်း ကြုံတွေ့လာနိုင်မည့် အခက်အခဲကို ရှင်းပြပြောဆိုသည်။
ရွာကို မပြန်သော်လည်း ၎င်းတို့အတွက် ကျပန်းအလုပ်သည် ရာသီအလိုက် ရှိနေသည့်အတွက် စားသောက်ရေးအတွက် အဆင်ပြေနေကြောင်းကို ဒေါ်ဆိုင်းဖာက “ကျွန်မတို့ကတော့ အလုပ်တွေကို ကျပန်းပဲ လုပ်ရမှာ များတယ်။ ဘာလို့လဲဆိုရင် လယ်ခြံမြေဘာမှမရှိဘူးဆိုတော့ ကိုယ့်ခြံကိုပစ်ပြီး သူများနယ်ကိုပြေးခဲ့ရတော့ ကျပန်းပဲလုပ်ရတာပေါ့။ အမျိုးသမီးက (၅၀၀၀၊ ၆၀၀၀) ရတယ်။ ရွာကြီးနားမှာ ကပ်နေရတော့ ရာသီအလိုက်အလုပ်ကတော့ သူဟာသူရှိတယ်”ဟု လက်နှစ်ဖက်ကို ရမ်းပြီးပြောပြပါသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် အိမ်ဝင်းဝယ်ယူခြင်းသည် ကလေးများအတွက် စဉ်းစားပြီး ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းကပေးသည့် အိမ်အနိမ့်သည် မိုးတွင်းရောက်လျှင် ရေဝပ်သည့်အတွက် အမြင့်ပြုလုပ်ရန် ပိုက်ဆံ ပြန်ထပ်စိုက်ပြီး လုပ်ခဲ့ရကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အိမ်ထပ်မြှင့်ရန် ထပ်ပေးသည့်ငွေနှင့် မြေဝယ်သည့်ငွေ၊ မြေညှိခ၊ လျှပ်စစ်မီးသွယ်ခ တို့ပေါင်းလျှင် တစ်အိမ်ထောင်လျှင် သိန်း(၃၀)နီးပါးကုန်ကျခဲ့ပြီးဖြစ်ပြီး နောက်ထပ်လည်း အုတ်တက်ရန်နှင့် လျှပ်စစ်မီးရရှိရန် ငွေထပ်ပေးရန် အတွက်လည်း အခက်အခဲ ရှိနေကြသည်။
“ခြေတိုင်တွေက မြေထဲကို မမြုပ်ထားပေးတော့ အိမ်ကလည်း လူတက်ရင်တောင် အရမ်းယိုင်နေတယ်။ လေတိုက်ရင် ပိုဆိုးမှာ အောက်ခြေကမခိုင်ဘူး။လေများလာရင်တော့ ပုခက်တော့ စီးရမယ့် အနေအထားတော့ ရှိတယ်။ တချို့ ငွေရှိတဲ့သူတွေကတော့ အုတ်တက်နိုင်ကြတယ်လေ။ မရှိတဲ့သူကြတော့ အဲဒီအတွက် စိတ်ပူနေရတယ်။ ငွေကြေးအရမ်းခက်ခဲတော့ ယိုင်ရင်လည်း ယိုင်သလိုနေနေရတယ်”ဟု ဒေါ်ဆိုင်းဖာက အိမ်ခြေတိုင်တွေကို ကြည့်ပြီးပြောပြသည်။
နောက်ထပ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖန်းအိမ်က မိမိသည် မုဆိုးမဖြစ်သည့်အတွက် တစ်ရက် နေ့စားခ(၆၀၀၀)ဖြင့် အုတ်တက်ရန်မှာ မိမိအနေဖြင့် ဘယ်လိုမှမတတ်နိုင်ကြောင်း၊ စားသောက်ရန်အတွက် အဓိကရှာဖွေနေရပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်မခေါ်သည့်အတွက် ပုံမှန်ဝင်ငွေမရှိဖြစ်ကာ ခက်ခဲနေကြောင်းပြောသည်။
ထို့ကြောင့် အလှူရှင်များ ရှိလာပါက ၎င်းတို့ကို ဆက်လက်ကူညီပေးကြရန်၊ မေ့မထားကြရန်နှင့် လျှပ်စစ်မီးရရှိရေးနှင့် နေအိမ်အုတ်တက်နိုင်ရန်အတွက် ၎င်းတို့ကို ဆက်လက်ကူညီရန် ပြောကြားခဲ့သည်။
စစ်ရှောင်စခန်းက အိမ်ဝင်းဝယ်ယူသူအားလုံးကို မဲနှိုက်စနစ်ဖြင့် ကျရာနေရာကို ယူကာနေထိုင်စေရာ လမ်းနှင့်နီးသည့် အရှေ့ဖက်အခြမ်းကို ရရှိသွားသည့်အတွက် ဒေါ်အားချီတို့ သားအမိတို့အဖို့ ကံကောင်းသွားကြောင်း၊ ချောင်ကျသည့်ဖက် ရပါက သူမခရီးသွားလျှင် ကလေးများ အတွက် အဆင်မပြေကြောင်းပြောသည်။
ဒေါ်အားချီကတော့ မြေပေါ်မှာ တင်ရုံမျှသာ တင်ထားတဲ့ အိမ်ခြေတိုင်ကိုကြည့်ပြီး ကလေး(၃)ယောက်ကိုတော့ ဆွေမျိုးများထံအပ်ထားပြီး ခရီးထွက်ကာ ပိုက်ဆံကြိုးစားရှာပြီး အိမ်အောက်ထပ် အုတ်တက်ရန်အတွက် ပိုက်ဆံ ထပ်စုရဦးမည်ဟု ပြုံးပြီး ပြောပြခဲ့ပါသည်။
မွန်းမွန်းပန်