၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပါတီတွေရဲ့ စည်းရုံးလှုံ့ဆော်မှုတွေ မကြာခင် စတင်လာတော့မှာ ဖြစ်ပြီး တချို့ပါတီတွေက သက်ဝင်လှုပ်ရှားစ ပြုလာပြီး တချို့ပါတီတွေကတော့ ငြိမ်နေဆဲပါ။
၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေ ဖြစ်တဲ့ KDP, KNCD, KSDP, LNUDP, LNDP, MPP, NDF, NDP, NLD, NUP, SNSP, PDP, SNDP, SNLD, TNDP, UMFNPP, 88GSYP, UDPKS, USDPဆိုပြီး ၁၉ ပါတီရှိခဲ့ပါတယ်။
အဲ့ဒီအချိန်က ပါတီတွေဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းလာရေး၊ မြစ်ဆုံရပ်ဆိုင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ကင်းစင် ပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ ဖြေရှင်းပေးနိုင်ရေး၊ အများတတ်နိုင်သော ပညာသင်ကြားနိုင်ခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ မူတွေ ချမှတ်စွဲကိုင်လို့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ကချင်ပြည်နယ်မှာတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ) စတဲ့ နိုင်ငံရေး
ပါတီ သုံးဖွဲ့ပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီလို့ ပါတီအသစ် ဖွဲ့လိုက်ပြီး ဧပြီလ ၂၅ ရက်နေ့က တရားဝင်ပါတီတည်ထောင်ခွင့် ရရှိခဲ့ပါတယ်။
နောက်ပြီး သူရဦးရွှေမန်းဦးစီးတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဆိုပြီး ပါတီသစ်တစ်ခုကို မေလ ၁၆ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားနဲ့တကွ ဖွင့်လှစ်ခဲ့ပါသေးတယ်။
ဒီပါတီတွေသည်လည်း သူတို့ရဲ့ ပါတီတွင်းလုပ်ငန်းတွေပြီးစီးလို့ များမကြာမီ အများပြည်သူကြိုက် ပေါ်လစီကောင်းတွေ ရေးဆွဲပြီးသကာလ ပြည်သူ့ရှေ့ ထွက်လာတော့မှာပါ။
အဲန်အယ်လ်ဒီ ပါတီကတော့ လက်ရှိအစိုးရတာဝန် ထမ်းဆောင်မှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်ခွင့်တွေရနေတာကြောင့် တခြားပါတီတွေလို မဲဆွယ်စည်းရုံးရေး လုပ်စရာမလိုဘဲ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်တဲ့ အားသာချက်ကို ရရှိထားသူပါ။
ဒီပါတီတွေထဲကမှ ပထမဆုံး ပြည်သူ့ရှေ့ ထွက်လာတာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး မေလ ၁၅ ရက်နေ့ မြစ်ကြီးနားမြို့မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ရာမှာတော့ ၂၀၂၀ မှာ သူတို့ပါတီ အနိုင်ရခဲ့မယ်ဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ တိုင်းဒေသပြည်နယ်တွေမှာ အများဆုံး အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒရှိတဲ့သူကို ဝန်ကြီးချုပ် ခန့်သွားမယ်ဆိုတာပါ။
တကယ်တော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတာက ပါတီတွေရဲ့ ပေါ်လစီကောင်းတွေထက် စနစ်ကောင်းတွေကို လက်တွေ့ အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် အခက်ခဲဆုံးလုပ်ငန်း တာဝန်နဲ့ လျော်ညီတဲ့ ထိတ်ထိတ်ကြဲလူတော်လူကောင်းတွေပါ။
တာဝန်နဲ့ ထိုက်တန်တဲ့ စွမ်းရည်သတ္တိရှိတဲ့သူတွေကို မရှာနိုင်ဘူးဆိုရင်တော့ လူထုရဲ့ ယုံကြည်မှုကိုရမှာ မဟုတ်သလို မိမိတို့ရဲ့ ကောင်းပေ့ဆိုတဲ့ ပေါ်လစီတွေ စနစ်တွေဟာ ပျက်စီးဆုံးရှုံးသွားမှာပါ။
နောက်ဆုံးတော့ ပါတီကို မဲပေးရွေးချယ်နိုင်တာ၊ ပေါ်လစီတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ၊ စီမံခန့်ခွဲနိုင်တာက ပြည်သူလူထုပဲဆိုတာ ပါတီများ သတိချပ်ဖို့ မြစ်ကြီးနားသတင်း ဂျာနယ်က နှိုးဆော်လိုက်ရပါတယ်။





