“နိုင်ငံတကာ ကရာတေးချန်ပီယံတွေဟာ ကချင်ပြည်နယ်သားတွေ ဖြစ်လာစေချင်တယ်” ဆိုတဲ့ ဇိုင်းဝန်ပေါင် ကျို့ရှင်းကရာတေးကလပ် နည်းပြ ယိန်းဘောမ်

1801

မကြာမီက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဒုတိယအဆင့်ရှိ နိုင်ငံတကာ ချစ်ကြည်ရေး ကရာတေးပြိုင်ပွဲမှ ကရာတေးချန်ပီယံ ကချင်လူငယ် ၃ ဦးကို မွေးထုတ်ပေးခဲ့သော ဆရာဦးယိန်းဘောမ်ကို တွေ့ဆုံမေးမြန်းထားပါသည်။ ဖိုက်တာတစ်ဦး ဖြစ်ချင်သော်လည်း ဖိုက်တာဘဝကို မခံယူဘဲ ပညာမျှဝေသည့် ဓားသွေးကျောက်ဘဝကို ရွေးချယ်ခဲ့သည်ဆိုသော ဇိုင်းဝန်ပေါင် ကျို့ရှင်းကရာတေးကလပ် တည်ထောင်သူ နည်းပြဆရာ ဦးယိန်းဘောမ်ကို ကချင်ပြည်နယ်ထဲမှ လူငယ်များ အတုယူပြီး အောင်မြင်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ ဆရာ၏ ကြိုးပမ်းဖြတ်သန်းခဲ့မှုများကို မြစ်ကြီးနားသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားပါသည်။

အခုလက်ရှိ လက်ကိုင်နေတဲ့အလုပ်မှာ ဆရာ တာဝန်ယူထားတဲ့အပိုင်းကို ပြောပြပေးပါဦး။

ကျွန်တော့်နာမည် ဦးယိန်းဘောမ်လို့ ခေါ်ပါတယ်။ International Karate Organization (IKO) Myanmar & JU Kachin Branch u Karate Club အများကြီးရှိတဲ့အထဲက ကျွန်တော်က Zai Wunpawng Kyokushin Karate Club, Tatkone (ဇိုင်းဝန်ပေါင် ကျို့ရှင်းကရာတေး တပ်ကုန်းကလပ်)ရဲ့ သင်တန်းမှူး လည်း ဖြစ်သလို တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ကရာတေးကလပ် ဘယ်နှခုလောက်ရှိလဲ။

ကချင်ပြည်နယ်မှာ စုစုပေါင်း ကလပ် ၅ခု ရှိပါတယ်။ ဖားကန့်၊ ရွှေစက်-မန်ခိန်၊ လိုင်ဇာ၊ YMCA၊ Zai Wunpawng ကလပ်ဆိုပြီး ရှိတယ်။ အဲဒီထဲမှာမှ ကချင်ပြည်နယ်တာဝန်ခံဆိုတာ ရှိတယ်။ သူက ဆရာကြီးမဂျီဘရန်အောင် ဖြစ်တယ်။

ဘယ်အချိန်ကတည်းက ကရာတေးကို စိတ်ဝင်စားခဲ့ပြီး စ ကစားခဲ့တာလဲ။
ကရာတေးက ကျွန်တော်ငယ်ငယ်ကတည်းက ဆော့ခဲ့တာ မဟုတ်ဘူး။ ၂၀၁၂ မှာ စဆော့တယ်။ စဆော့တဲ့ချိန်ကတော့ YMCA Club မှာစဆော့တယ်။ အဲဒီချိန်မှာ ဒီလို ကရာတေးကလပ်က အများကြီး မရှိသေးဘူး။ YMCA မှာ တစ်ခုတည်းပဲ ရှိတယ်။ အသက်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ၂၄ နှစ်ပေ့ါနော်။ အဲ့အချိန်မှ စဆော့တယ်။

 

ဘယ်အရာက ကရာတေးကစားဖို့ တွန်းအားဖြစ်စေခဲ့တာဖြစ်မလဲ ဆိုတာလည်း သိရပါရစေ။

ကရာတေး ဆော့ဖြစ်ဖို့ တွန်းအားပေးတယ်ဆိုတာက အဓိက ကျွန်တော်တို့ ကချင်ပြည်နယ်က လူငယ်တွေက လွယ်တဲ့လမ်း လိုက်ကြတယ်ပေါ့နော်။ အလုပ် တစ်ခုခုလုပ်မယ်ဆိုရင်လည်း စိတ်ဓာတ်က အစပေါ့။ ကျွန်တော်တို့ကချင်ပြည်နယ်က လူငယ်တွေက ပျက်စီးတာ များတယ်ပေါ့နော်။ ဒါပေမယ့် ဒီ ကရာတေးဆိုတာလည်း အများအားဖြင့် ဘယ်သူမှ လိုက်ပြီး လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ခက်ခဲတဲ့အရာ၊ ဘယ်သူမှလည်း ရွေးချယ်ချင်တဲ့လမ်း မဟုတ်ဘူး။ ကျွန်တော့်အသက်အရွယ်ကလည်း တခြား စီးပွားရေးတွေမဟုတ်ဘဲ ဒီကရာတေးကိုပဲ သေချာလေးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

 

အခုဆိုရင် ကရာတေးကစားခဲ့တာ ဘယ်နှနှစ်လောက်ရှိပြီလဲ။ ပြီးတော့ ပြိုင်ပွဲတွေရော ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးလား။
ကရာတေးဆော့တဲ့ သက်တမ်းက ၈ နှစ်လောက်ရှိပြီ။ ၂၀၁၆ တုန်းက ဖိလစ်ပိုင်မှာလုပ်တဲ့ ဖိတ်ခေါ်ပွဲမှာ ပြိုင်ဖူးတယ်။ ဆုကတော့ မရခဲ့ဘူး။ ကျွန်တော်က ထပ်ပြိုင်ဖို့ မရှိတော့ဘူး။

ဘာကြောင့် ထပ်ပြိုင်ဖို့ အစီအစဉ်မရှိ ဖြစ်သွားတာလဲ။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ မရှိတော့ဘူးဆိုတော့ ဘာလုပ်ဖို့ အစီအစဉ် ဆွဲခဲ့တာလဲ။
Zai Wunpawng Club က ဖွင့်တာ ၂နှစ်ရှိပြီ။ အဲဒီ ၂နှစ်မှာ သင်တန်းဆရာလိုပဲ အဓိက ဖြစ်သွားတာပေါ့နော်။ တကယ်တော့ ကျွန်တော်က ဖိုက်တာလို ဖြစ်ချင်တာ။ ကျွန်တော်ကို train ပေးမယ့်သူက မရှိဘူး။ ပြီးတော့ ဖိုက်တာ ဘက်ကို ပြန်ကျင့်မယ်ဆိုရင်လည်း ဒီကလေးတွေကို ပစ်ထားသလို ဖြစ်မယ်။ ဒါကြောင့် ကျွန်တော် စိတ်ဆုံးဖြတ်လိုက်တာက ကျွန်တော် ဖိုက်တာ မလုပ်တော့ဘူး။ ကျွန်တော်အကောင်းဆုံး အမငေညနမ ဖြစ်အောင်ပဲ ကျွန်တော်ကြိုးစားတော့မယ်။

 

Zai Wunpawng Club စဖွင့်တုန်းက ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါသလဲဆရာ။
အခက်အခဲတော့ ရှိတာပေါ့။ ကျွန်တော် ကလပ်စဖွင့်တုန်းက ကျွန်တော့်ခါးပတ်က အစိမ်းရောင် ဟုတ်တယ်။ အစိမ်းပဲ ရှိသေးတယ်။ ကမ္ဘာပေါ်မှာဆိုရင် ကိုယ်ပိုင်ကလပ်ဖွင့်တဲ့သူတွေအားလုံးက ခါးပတ်အနက်နဲ့ ဖွင့်တာပေါ့။ ကျွန်တော်က ခါးပတ်အစိမ်းနဲ့ ဖွင့်တဲ့အချိန်ကျတော့ သိတဲ့အတိုင်းပဲ ပတ်ဝန်းကျင်တို့၊ အချင်းချင်းတို့၊ တစ်ယောက်နဲ့တစ်ယောက် အထင်သေးတဲ့ပုံစံမျိုးတို့ အမြဲကြုံရတယ်။ ပြီးတော့ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒါကို ကျွန်တော်က ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ ကျော်ဖြတ်တယ်။ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပြီးသား၊ ကလေးတွေ၊ လူကြီးတွေ၊ ကချင်ပြည်နယ်က လူငယ်တွေအားလုံး ကရာတေးဆော့ကြအောင်၊ ဘာကြောင့်ဆော့စေချင်လဲဆိုတော့ ကျွန်တော်တို့ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်ဘဝကိုရောက်တဲ့ လူငယ်၊ ဒုက္ခရောက်နေတဲ့လူငယ်တွေ အရမ်းများတာ။ သူတို့ဘဝကို ကျွန်တော်ကယ်ချင်တယ်။ အဲဒီစိတ်နဲ့ ကျွန်တော်ကြိုးစားခဲ့တယ်။ အခုတော့ ကျွန်တော်ခါးစည်းအနက် 1st Dan ပါ။

လက်ရှိအချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ(စိန်ခေါ်မှု)နဲ့ လက်ရှိပြင်ဆင်နေတဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။
လက်ရှိစိန်ခေါ်မှုက ကျွန်တော့်ကလေးတွေ ပြိုင်ပွဲတွေ အများကြီးပဲ။ နှစ်တိုင်းပြိုင်ပွဲတွေ ရှိမယ်။ အခုဇူလိုင်လမှာ ရှန်ဟိုင်းမှာ Asia Open ရှိမယ်။ ပြီးတော့လည်း အရှေ့တောင်အာရှမှာ ကျွန်တော်တို့မြန်မာနိုင်ငံပဲ ဝင်ပြိုင်လို့ ရမယ်ထင်တယ်။ Kyokushin ကရာတေးမှာ အမြင့်ဆုံးဖြစ်ပြီး လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ပွဲမှာ ကျွန်တော့်ကလေးတွေ ဝင်ပြိုင်မယ်။ အဲဒါလေးတွေကို ပြင်ဆင်နေပါတယ်။

trainer ဘဝကို ရွေးချယ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကရော။
သင်တန်းဆရာအလုပ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် ၂၀၁၆ ခုနှစ် ဖိလစ်ပိုင်က ပြန်လာကတည်းက ကျွန်တော့ခံယူချက်တစ်ခု ရှိသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ သူများနိုင်ငံက သင်တန်းဆရာတွေက ပြိုင်ပွဲဝင်မယ့်ကလေးတွေကို အသေးစိတ် လုပ်ပေးတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဒါမျိုးတွေ မရှိဘူး။ အဲဒီကတည်းက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တွေးလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့က ကလပ်ဆိုတာလည်း မများတဲ့အတွက် ကြောင့် ကျွန်တော်တို့ ကလေးတွေက နိုင်ငံတကာကို မရောက်နိုင်ဘူး။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်ကလည်း ကလပ်တစ်ခုထောင်ဖို့ ကြိုးစားတယ်။ ဆရာကြီး မဂျီဘရန်အောင်က ကူညီပေးတယ်။ အဲ့နောက်ပိုင်း ကျွန်တော်ခံယူတာက ကျွန်တော့်ထက် ပိုတော်၊ ပိုတတ်တဲ့ ကလေးတွေ၊ တကယ့်ကို နိုင်ငံတကာ ပြိုင်ပွဲဝင်နိုင်တဲ့ကလေးတွေ၊ ကျွန်တော်တို့ ကချင်ပြည်နယ်က ကလေးတွေဆိုပြီးတော့ ရည်ရွယ်ပြီး ရွေးချယ်ခဲ့တာပေါ့။

ဆရာ့အနေနဲ့ ဒီ trainer ဆိုတဲ့အရာကို ဘယ်လို ခံယူထားလဲ။
trainer ဆိုတာက ဆရာပေါ့နော်။ ကျွန်တော်တို့ ဒီ တိုက်ခိုက်ရေးပညာမှာ ဆိုရင်တော့ ကျွန်တော်ခံယူထားတာကတော့ ကိုယ့်ကိုယ်ကိုယ် ဓါးသွေးကျောက်လိုပဲ ပေါ့နော်။ ကျွန်တော်က ဓါးသွေးကျောက်ဗျာ။ ဓားတွေအများကြီး သွေးမယ်၊ ထက်အောင် လုပ်မယ်။ နောက်ဆုံးကျတော့ ကျွန်တော့်အတွက်က ဘာမှရှိမှာ မဟုတ်ဘူး။ ဓါးသွေးကျောက်လိုပဲ။ အနစ်နာခံတဲ့ သဘောမျိုးပေါ့နော်။ ကျွန်တော်က ဓားသွေးကျောက်ဆိုတော့ ပါးသွားမှာပေါ့။ ဥပမာ-အသက်ကြီးသွားမယ်၊ ဘာညာပေါ့။ ဓားတွေ ထက်သွားမယ်။ ကချင်ပြည်နယ်မှာ ကရာတေးကလပ်တွေအများကြီး ပြန်ဖွင့်နိုင်မယ့် ကလေးတွေ မွေးထုတ်မယ်။ နိုင်ငံတကာမှာ ချန်ပီယံဖြစ်မယ့်ကလေးတွေ မွေးထုတ်မယ်လို့ ခံယူထားပါတယ်။

ကရာတေး ကစားခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလဲ။ မျှဝေပေးပါဦး။
ကရာတေးကစားခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးကတော့ (၁)လူငယ်တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်။ (၂)ကိုယ့်ကိုယ်ကိုယ် စည်းကမ်းနဲ့ နေတတ်သွားမယ်။ ပြီးတော့ သူတို့ရဲ့စိတ်က အမြဲတမ်း တက်ကြွပြီးတော့ နေမယ်။

တခြားအားကစားနဲ့ ကရာတေးအားကစားက ဘာတွေကွာခြားမှုရှိလဲဆိုတာ ပြောပြပေးပါဦး။
တခြား အားကစားနဲ့ ကရာတေးအားကစားက ဘာကွာလဲဆိုတော့… ဒီကရာတေးက လူပေါင်းထောင်ဂဏန်း၊ ရာဂဏန်းကို ပြုပြင်ပြောင်းလဲပေးလို့ရတယ်။ အကျင့်စာရိတ္တ ပြောင်းလဲပေး နိုင်တယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာက စစ်ရှောင်ကလေးတွေ၊ ပြီးရင် မိဘမဲ့တွေ ရှိမယ်။ မူးယစ်သုံးစွဲတဲ့ လူငယ်တွေလည်း အများကြီးရှိတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေက ဘာမှမဟုတ်ဘဲ ပြောင်းသွားတဲ့ချိန် စိတ်ဓာတ်က ယိုယွင်းလာတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ပညာက အရေးမကြီးတာ မဟုတ်ဘူးနော်။ ပညာထက် ပိုအရေးကြီးတာက ပျက်စီးနေတဲ့ အကျင့်စာရိတ္တတွေကို ပြင်ရမယ်။ ပညာတတ်လျက်နဲ့ ဖိုးသမားဖြစ်ကုန်တာလည်း အများကြီးပဲလေ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်အတွက် စိတ်ဓာတ်က အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ ကရာတေး ကလပ်ကတော့ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကရာတေးပဲသင်တာမဟုတ်ဘူး။ လူ့ဘဝမှာဘယ်လိုနေထိုင်ရမယ်၊ ဘဝမှာ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့စိတ်တွေ ဖြစ်လာအောင်၊ အချောင် လိုချင်တတ်မက်တဲ့စိတ်မျိုး မဖြစ်အောင် သင်ပေးတာပေါ့။ ကျွန်တော့်မှာလည်း လက်တွေ့ပါပဲ။ ဘိန်းဖြတ်စခန်းက ကလေးတွေ ၃ ယောက်ရှိတယ်။ အခု တစ်ယောက်က လက်ထောက်ဆရာတောင် ဖြစ်နေပါပြီ။ ဒီအချိန်မှာ ဘိန်းကို သောက်ဖို့ မပြောနဲ့ ဆေးလိပ်သောက်ခိုင်းရင်တောင်မှ သောက်မှာ မဟုတ်ဘူး။ ပြောချင်တာက ဒီကရာတေးနဲ့ လူအများရဲ့ စိတ်ဓာတ်၊ အကျင့်စာရိတ္တကို ကယ်နိုင်တာပေါ့။

လက်ရှိ ဆရာ့အနေနဲ့ သင်တန်းသား ဘယ်နှဦးကို train ပေးနေရလဲ။ ဆရာအနေနဲ့ အခမဲ့သင်ပေးတဲ့ ကလေးတွေ ရှိပါသလား။
လောလောဆယ်က သင်တန်းသားအားလုံး စုစုပေါင်းက မနက်သင်တန်းနဲ့ ညနေသင်တန်း ပေါင်းရင် ၁၀၀ ကျော် ရှိတယ်။ စစ်ရှောင်၊ စီတာပူမိဘမဲ့ဂေဟာ၊ ဘိန်းဖြတ်စခန်းတို့က လူငယ်တွေကိုက ကျွန်တော့်ရဲ့ပရဟိတပါ။

ဆရာ့ကို ခွန်အားဖြစ်စေတဲ့ လက်ကိုင်ဆောင်ပုဒ် ရှိပါသလား။ ရှိတယ်ဆိုရင်လည်း သိပါရစေ။
ကျွန်တော်တို့ ကရာတေးမှာဆိုရင်တော့ ဝိုယားမားရဲ့ဆောင်ပုဒ်အတိုင်း ပေါ့နော်။ “သင့်ရဲ့အဝမှာ လွယ်လွယ်အရှုံးပေးတတ်တဲ့စိတ် ဆိုတာ မင်းမပြင်သေးသရွေ့တော့ အောင်မြင်မှုဆိုတာရမှာ မဟုတ်ဘူး” ကျွန်တော်က အဲဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီးတော့ သေချာတစိုက်မတ်မတ် ဒီအလုပ်ကိုပဲ၊ ပြောရမယ်ဆိုရင် တစ်ဘဝလုံး နှစ်ထားပြီး ကြိုးစားခဲ့တာပါ။

ဆရာရဲ့ mission ကိုလည်း ပြောပြပေးပါဦး။
ဆက်လက်ပြီးတော့ စစ်ရှောင်စခန်းတွေမှာ ဆက်ဖွင့်မယ်။ ပြီးတော့ လူငယ်တွေရဲ့ စိတ်ဓာတ်ကို ကောင်းမွန်အောင် ကျွန်တော် ပြုပြင်ပေးမယ်။ အဓိကကတော့ အဲဒါပဲ။ လူငယ်တွေဘိန်းဖြတ်စခန်းကို မရောက်ဘဲ အားကိုးရပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဖြစ်အောင် ကျွန်တော်လုပ်သွားမယ်။

လူငယ်တွေကို ဆရာ့အနေနဲ့ အားပေးချင်တဲ့စကားရှိရင် ပြောပေးပါဦး။
လူငယ်တွေကို အားပေးချင်တဲ့စကားက…အရေးကြီးဆုံးက စိတ်ဓာတ်ပါပဲ။ ကောင်းတဲ့အတွေးတွေ ဖြစ်အောင် စာတွေ များများဖတ်ပါ။

ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တဲ့ စကားရှိရင် ထပ်ပြီး ဖြည့်စွက်ပေးပါဦး။
ကရာတေးတို့၊ သိုင်းတို့သင်တယ်ဆိုတာက လူမိုက်အားပေးတာတော့ မဟုတ်ဘူး။ ကျွန်တော် ဒီကလေးတွေ၊ လူငယ်တွေကို စိတ်ဓာတ်ရေးရာကို အထူးပြုပြင်ပေးတဲ့ ကိုယ်ခံပညာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ဒီကရာတေးက လူမိုက်အားပေးတာ မဟုတ်ပါဘူး။ လူသားအရင်းအမြစ် ကောင်းအောင်၊ လူငယ်တွေရဲ့ အကျင့်စာရိတ္တကောင်းအောင် ပျိုးထောင်ပေးနေတယ်လို့ပဲ မြင်ခိုင်းစေချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here