နိုဝင်ဘာ၊ ၂၂
စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ တရုတ်ဘက်တာဝန်ရှိသူတို့ တွေ့ဆုံချိန် ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ၂ ဖက်အစိုးရခြင်း ညှိနှိုင်းပြီးမှ လိုအပ်သလိုဆောင်ရွက်မယ်လို့ တရုတ်က ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံ ပြည်သူ့လုံခြံရေးဝန်ကြီးဌာနက ဌာနမှူး၊ ဒုတိယဌာနမှုးတို့နဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ တွေ့ဆုံချိန် တရုတ်ဘက်က အဲဒီလိုပြောခဲ့တာလို့ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာက ဖော်ပြထားပါတယ်။
ဒါ့အပြင် တည်ငြိမ်အေးချမ်းတဲ့အချိန်မှ ပြန်ဖွင့်ပေးမယ့် အခြေအနေတွေနဲ့ လိုအပ်တာတွေကို တရုတ်ဘက်က ပြောဆိုခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်ဂိတ်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဂိတ်တွေကတော့ ကချင်ပြည်နယ်မှာဆိုရင် ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ချင်းရွှေဟော်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဆိုရင် မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်းတို့ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မူဆယ်ကလွဲလို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေအားလုံးနီးပါးကို တရုတ်နိုင်ငံဘက်က ကန့်သတ်၊ ပိတ်ဆို့ထားတာကြောင့် ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေပါတယ်။
အဲဒီထဲက ကန်ပိုက်တီမြို့နဲ့ နယ်စပ်ဂိတ်ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ နိုဝင်ဘာ ၂၀ ရက်နေ့ကမှ သိမ်းပိုက်ထား ဖြစ်ပါတယ်။