ရခိုင်ဒေသမငြိမ်သက်မှုတွေ၊ ရှမ်းပြည်နယ်မှာ ပြန်ဖြစ်လာနေတဲ့ တိုက်ပွဲတွေ၊ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုတွေ၊ ရေကြီးမိုးလျှံ သဘာဝဘေးအန္တရာယ်တွေနဲ့ နိုင်ငံအနှံ့ဖြစ်နေတဲ့ အမှုပေါင်းစုံ၊ ပြဿနာပေါင်းစုံကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ပါသလား၊ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးဟာ နောက်ကြောင်းပြန်သွားနိုင်သလားဆိုတာ မေးရမယ့် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
နိုင်ငံရေးပညာရှင်တွေ သုံးသပ်ထားတာကတော့ ဒီမိုကရေစီအရေး ပြောင်းလဲလှုပ်ရှားမှုတွေဟာ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းကစလို့ ကမ္ဘာ့နိုင်ငံတွေကြား အချင်းချင်းချိတ်ဆက်မှု အားကောင်းလာပြီး ပိုမိုလွယ်ကူစွာနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေဟာ အခွင့်သာလာတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒီမိုကရေစီနိုင်ငံရေးစနစ် အခြေကျခိုင်မာဖို့အတွက် စီးပွားရေးနဲ့ ထောက်ကူရမယ်လို့ ဆိုသော်ငြားလည်း ဒီနေ့ အဲ့ဒီစီးပွားရေးအထောက်အကူမရှိဘဲ ဒီမိုကရေစီစနစ်ထဲမှာ ရုန်းကန်ရှင်သန်နေတဲ့ နိုင်ငံတွေမနည်းဘူး ရှိနေတာကို တွေ့ရပါတယ်။ ဒီအချက်ဟာ စီးပွားရေးဖွံ့ဖြိုးမှု အားနည်းတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အားတစ်ခုပါပဲ။
ဥရောပအရှေ့ပိုင်းနဲ့ လက်တင်အမေရိကနိုင်ငံ အများစုမှာ စီးပွားရေးတိုးတက်မှုနှုန်းနဲ့ အလုပ်အကိုင်ရရှိမှုနှုန်းဟာ မြင့်မားတဲ့လိုအပ်ချက် မဟုတ်တဲ့အပြင်၊ ဝင်ငွေခွဲဝေမှုနဲ့ လူမှုရေးမျှတမှုတို့ ဟာလည်း ပြောပလောက်အောင် တိုးတက်နေတာ မဟုတ်ပါဘူး။ သို့သော်လည်း ဒီနိုင်ငံတွေဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီစနစ်ကိုသာစွဲစွဲမြဲမြဲ ကျင့်သုံးနေတာကို တွေ့ရပါတယ်။
အခုလို ကမ္ဘာ့နိုင်ငံတွေကြား ဆက်စပ်နေတဲ့ ခေတ်ပြိုင်နိုင်ငံအရေး အပြောင်းအလဲတွေ ကြောင့်လည်း နိုင်ငံရေးအုပ်စုတွေကြားမှာ ဒီမိုကရေစီရေးနိုင်ငံရေးစနစ် ခိုင်ခိုင်မာမာတည်ဆောက်လို့ ရနိုင်မယ့် အချက် ၃ ချက်ကို သတိထားမိလာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ပထမအချက်ကတော့ နိုင်ငံတစ်နိုင်ငံ၊ အစိုးရအဖွဲ့တစ်ခုရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို တရားနည်းလမ်းကျမှုဆိုတဲ့ဘက်ကနေ ကြည့်လာတာပါ။ ဒုတိယအချက်ကတော့ ဈေးကွက်နဲ့ ဒီမိုကရေစီစနစ်ကသာလျှင် အမှန်တကယ် အလုပ်ဖြစ်နိုင်တဲ့ ဖွံ့ဖြိုးရေးယန္တရားလို့ လက်ခံလာတာပါ။ တတိယအချက်ကတော့ ပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီဆန္ဒကို အကြမ်းပတမ်း ငြင်းပယ်တာထက် သိမ်မွေ့တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မှသာ ရေရှည်အကျိုးများလိမ့်မယ်လို့ သဘောပေါက်သိမြင်လာတာပါ။
အမြော်အမြင်ရှိတဲ့ အထက်တန်းလွှာ လူတန်းစားအုပ်စုတွေကိုယ်တိုင်က အထက်ကပြောထားတဲ့ အချက် ၃ ချက်ကို နားလည်လက်ခံလာကြပြီး ဒီမိုကရေစီအရေး အပြောင်းအလဲကိစ္စရပ်တွေကို အရင်ကလို တင်းတင်းမာမာငြင်းပယ်တာတွေ မလုပ်ကြတော့ဘဲ အထွေထွေချုပ်ကိုင်မှုတွေ လျှော့ပေါ့ရေး (liberalization)ဘက်ကို ဦးတည်လာတာ တွေ့ရပါတယ်။
သို့သော် ကနေ့အချိန်အထိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရွေ့ဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရက်တစ် အပြောင်းအလဲဘက်မဟုတ်ဘဲ ယခင်အာဏာရှင်စနစ်လို့ ခေါ်ရမယ့် ကြမ်းတမ်းတဲ့ (rigid autocracy)စနစ်ကနေ ပျော့ပြောင်းတဲ့ (liberalized autocracy)လို့ခေါ်တဲ့ စနစ်သို့သာ ပြောင်းရွေ့လာတာ တွေ့ရပါတယ်။
ဒီမိုကရက်တစ် အပြောင်းအလဲအတွက်တော့ ရှည်ကြာတဲ့ ကူးပြောင်းရေးကာလတစ်ခုကို ဖြတ်သန်းရဦးမှာပါ။ စပိန်နိုင်ငံရဲ့ ဖရန်ကိုအုပ်စိုးမှုဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အာဏာရှင်စနစ် ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဘရာဇီးလ်၊ ပါရဂွေးနဲ့ ပီရူးနိုင်ငံ တချို့မှာ ဒီမိုကရေစီနဲ့ အော်တိုကရေစီဟာ ပူးတုံခွာတုံ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဘိုလစ်ဗီးယား၊ အီကွေဒေါ၊ နစ်ကာရာဂွါ စတဲ့ တချို့နိုင်ငံတွေမှာတော့ ဒီမိုကရေစီစနစ်ဟာ တစ်စတစ်စယိုယွင်းလာတဲ့ လက္ခဏာရှိခဲ့ပါတယ်။ သို့သော် ဘယ်နိုင်ငံမှ အော်တိုကရေစီ စနစ်ကိုပြန်လှည့်သွားတာ မရှိတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် အထက်မှာတင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဟာလည်း နောက်ပြန်သွားဖို့ မဖြစ်နိုင်လောက်ဘူးလို့ မြစ်ကြီးနားသတင်းဂျာနယ်က သုံးသပ် ရေးသားလိုက်ပါတယ်။





