မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် အောင်မြင်သာကျေးရွာရှိ နေအိမ်များ ပျက်စီးယိုယွင်းနေ

1966
သြဂုတ် ၁၂
မြစ်ဆုံ စီမံကိန်းကြောင့်ပြောင်းရွှေ့ ခံထားရသည့် အောင်မြင်သာ ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များသည် ခိုင်ခံ့မှုမရှိသောကြောင့် မကြာခဏပြုပြင်နေရကြောင်း သိရသည်။ အဆိုပါ ပြောင်းရွှေ့ခံထားရသော ဒေသခံပြည်သူများအတွက် နေအိမ်များကို  တရုတ် SPIC ကုမ္ပဏီက တာဝန်ယူကာ ရွာသစ်တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ယင်း နေအိမ်များ ဆောက်လုပ်ပေးခြင်းသည် ခိုင်ခံ့မှုမရှိဘဲ အဖြစ်သဘော ဆောက်လုပ်ပေးထားခြင်းသာဖြစ်ကြောင်း ပြောင်းရွှေ့ခံပြည်သူ ဒေါ်ဂျာလုက ပြောသည်။
“ဒီအိမ်တွေကို စဆောက်ပေးကတည်းကနေ ပြုပြင်နေတာ ခုချိန်ထိပဲ။ အန်တီတို့ဆို မလွယ်ဘူးလေ။ကလေးတွေက အများကြီးပဲ ကျောင်းတက်တဲ့လူနဲ့ ဘာနဲ့ အန်တီက အမျိုးသားလည်း မရှိတော့ဘူးဆိုတော့ အန်တီပဲ ရုန်းကန်နေရတာ မလွယ်ဘူး”ဟု ဒေါ်ဂျာလုက ပြောသည်။
ထိုရွာရှိ အိမ်ခြေအားလုံး နီးပါးမိုးရွာလျှင် မိုးယိုမှုဒဏ်များ မကြာခဏ ဒုက္ခခံစားနေရကြောင်း ဒေါ်လုရာထံမှ သိရသည်။
“မိုးရွာလာပြီဆိုရင် ဟိုဘက်ကိုပြေးရ ဒီဘက်ကိုပြေးရနဲ့ ခေါင်းမိုးတည့်တည့် ယိုပြီဆို အခန်းထောင့်လေးမှာ သွားအိပ်လိုက်နဲ့ အရမ်းဒုက္ခရောက်တယ်။ ခေါင်မိုးတွေလည်း အားလုံးပြန်လဲရမယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်တွင် ၎င်းတို့ ဆောက်လုပ်ပေးထားသည့် အဆိုပါအိမ်များသည် အားလုံးနီးပါး ပျက်စီးနေသဖြင့် ပြုပြင်မှုများပြုလုပ်နေရကြောင်းကို ကျိန်ခရန်ကျေးရွာမှ ပြောင်းရွှေ့လာသူ ဒေါ်ဆိုင်းမိုင်က ပြောသည်။
“အိမ်တွေက တိုင်ကအစပြုပြင်နေရတာဆိုတော့ အဆင်မပြေဘူး။ သူတို့ လုပ်ထားပေးတဲ့ အိမ်တွေက လုံးဝ မကောင်းဘူးလို့တောင်ပြောလို့ရတယ်။ အခုရောကြည့်လေ မြင်တဲ့တိုင်းပဲ ပြင်နေရတာပဲလေ”ဟု ဒေါ်ဆိုင်းမိုင်က ပြောသည်။
ယင်း ကုမ္ပဏီကဆောက်လုပ်ပေးထားသော အိမ်ခြေအချို့သည် ခိုင်ခံ့မှုမရှိသဖြင့် လေတိုက်ပြီး ပျက်စီးသွားသော အိမ်ခြေများလည်း ရှိကြောင်း သိရသည်။
အောင်မြင်သာသို့ ပြောင်းရွှေ့နေထိုင်သူတစ်ဦး ဖြစ်သည့် ဒေါ်လုရာသည် သူမ၏နေအိမ် မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့ကာ ၎င်း၏နေအိမ် ဆုံးရှုံးခဲ့သည်မှာ ၆နှစ် ကြာပြီဖြစ်သော်လည်း တာဝန်ရှိသူများမှ နေအိမ် ထပ်မံဆောက်လုပ်ပေးခြင်း မရှိသောကြောင့် ကိုယ်တိုင်ဆောက်၍  နေထိုင်နေရကြောင်း ၎င်းက ပြောသည်။
“စပြီး လာနေတဲ့ချိန်မှာ အိမ်ကမီးလောင်သွားတယ်။ ဒါပေမဲ့ မပူနဲ့တဲ့ အိမ်ပြန်လုပ်ပေးမယ်လို့ တရုတ်က ကတိပေးခဲ့ပေမယ့် အခုချိန်ထိမပေါ်လာဘူး။ နှစ်တွေလည်းကြာနေပြီ အန်တီက မြစ်ဆုံအတွက်ရော ကန့်ကွက်တဲ့ သူထဲပါနေတယ်ဆိုတော့ မလုပ်ပေးတော့ဘူးထင်ပါတယ်”ဟု ဒေါ်လုရာက ပြောသည်။
မြစ်ဆုံစီမံကိန်း အရေးကန့်ကွက်လှုပ်ရှားသူများကိုလည်း တရုတ်ကုမ္ပဏီက ဆန် ဖြတ်တောက်မှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဓာတ်အားအများဆုံးထွက်မည့် စီမံကိန်းဖြစ်ပြီး ယင်းဓာတ်အား၏ ၉၀%ကို တရုတ်နိုင်ငံသို့တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်ပေါ်တွင်တည်ဆောက်လက်စ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ကာလတွင်း ရပ်ဆိုင်းခဲ့သည်မှာ ၈ နှစ်ခန့်ရှိပြီဖြစ်သည်။ယင်းစီမံကိန်းကို “NLDအစိုးလက်ထက်တွင် မြစ်ဆုံစီမံကိန်း ပြန်စလာလေမလား”ဟူ၍ ဒေသခံ ပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးက စိုးရိမ်မှုများရှိနေကြသည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here