ဧပြီ၊၁၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကို ကချင် PDF တွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်လ်ဖြစ်တဲ့ Snow Queen Telegram ချန်နယ်လ်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က သတင်းအမှားတွေ ဖြန့်ချိလာပါတယ်။
အဲဒီသတင်းအမှားကို ဧပြီလ ၁၅ ရက်နေ့ထိ ဝင်ရောက်ကြည့်ရှုသူ ၅၉,၀၀၀ ကျော်ထိ ရှိနေပြီးတော့ Like လုပ်သူ ၁၅၀ ကျော်၊ ပြန်လည်ဝေမျှသူ ၂၄ ယောက် နဲ့ Comment(မှတ်ချက်ပေးသူ) ၅ ယောက်ထိ ရှိနေပြီဖြစ်ပါတယ်။
မိုးညှင်းမြို့ ၊အောင်သပြေရပ်ကွက်၊ စိန့်ပက်ထရစ် ကက်သလစ်ဘုရားကျောင်းက ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးကို PDF နှစ်ယောက်က သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ် ဆိုပြီးတော့ Snow Queen ချန်နယ်လ်ကနေ ရေးသားဖော်ပြထားတာပါ။
ဒါအပြင် ဧပြီလ ၁၂ ရက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီထောက်ခံတဲ့ သတင်းတွေဖော်ပြနေတဲ့ စစ်ကောင်စီလက်အောက်ခံ People Media မှာလည်း မိုးညှင်းမြို့မှာ ကက်သလစ်ဘာသာရေးခေါင်းဆောင်ကို PDF တွေ လုပ်ကြံတယ် ဆိုတဲ့ သတင်းအမှားကို ရုပ်သံသတင်းနဲ့ ကျော်စိုးဦးက ပြောကြားထားပါသေးတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ မနက် (၇)နာရီဝန်းကျင်မှာ မိုးညှင်းအောင်သပြေရပ်ကွက် စိန်ပက်ထရစ်ဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့အချိန် ဆိုင်ကယ်နဲ့ အမည်မသိလူ(၂)ယောက် က သေနတ်နဲ့ ၅ ချက် ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောကြားထားပါတယ်။
ပစ်ခတ်ခံရသူဟာ ချင်းလူမျိုး ဖာသာရ်ပေါလ်ခွေရှင်းအောင်ဖြစ်ပြီးတော့ မိုးညှင်းမြို့နယ်မှာ သာသနာပြုတာ ၄ နှစ်ဝန်းကျင်ပဲရှိသေးပြီး လက်ရှိအချိန်မှာတော့ ဆေးကုသံမှုခံယူနေပါတယ်။
ဒေသတွင်း သတင်းဌာနတွေကတော့ သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့သူ တွေဟာ မျက်နှာအုပ်ထားတာကြောင့် ဘယ်သူဘယ်ဝါဖြစ်တာကို မသိရဘူးလို့ ဖော်ပြထားတာပါ။
မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်ဖြစ်တဲ့ ဒေသခံတစ်ယောက်ကတော့ ပစ်ခတ်ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အခုထိ မသိရှိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ သတင်းအမှားဖြန့်ချိလာတဲ့ Snow Queen ချန်နယ်လ်မှာတော့ ဖာသာရ်ပေါလ်ခွေရှင်းအောင်ကို PDF နှစ်ယောက်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတယ်လို့ သတင်းအမှားကို ရေးသားထားတာလည်း ဖြစ်ပါတယ်။
အဲဒီသတင်းမှာပဲ ” မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသော်လည်း ကချင်လူမျိုး ပုံစံဖြစ်သည်ဟု ဘုရားကျောင်းထဲရှိ မျက်မြင်များရဲ့ ပြောကြားချက်အရသိရသည်“ ဆိုပြီး လူမျိုးရေးမှိုင်းတိုက်တဲ့ ပုံစံကိုလည်း ထည့်သွင်းရေးသားထားတာပါ။
ပြည်သူတွေအနေနဲ့ အဲဒီသတင်းတွေကို မယုံကြည်ကြဖို့နဲ့ ပြန်လည်မျှဝေတာတွေ မလုပ်ဆောင်ဖို့ လိုအပ်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဖော်ပြထားတဲ့သတင်းတွေကို ဖတ်ရူကြဖို့လည်း တိုက်တွန်းလိုပါတယ်။