အောက်တိုဘာ၊၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနား- မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာအတွင်း ဝင်ရောက်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ သုံးပတ်ကြာတဲ့အထိ ရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၁၀ ဦးဝန်းကျင်လောက် လမုန်ဇွပ်ကျေးရွာ လမ်းမပေါ်က လူမရှိတဲ့ နေအိမ်မှာ အောက်တိုဘာလဆန်းပိုင်းကနေ ဝင်ရောက်နေထိုင်နေလာကြတာဖြစ်ပြီး လက်ရှိအချိန်အထိ ထွက်ခွာသွားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ရွာအတွင်း ဝင်ရောက်နေထိုင်ရင်း လမ်းသွား/လမ်းလာ ကားတွေနဲ့ ဆိုင်ကယ်သမားအချို့ကို တားဆီးမေးမြန်းတာတွေပါ လုပ်ဆောင်နေတယ်လို့လည်း မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“ဟိုတစ်နေ့ကရော မြစ်ဆုံလမ်းမှာ နှစ်ယောက်၊ သုံးယောက်လောက် တွေ့လိုက်တယ်။ ဝတ်စုံအပြည့်၊ သေနတ်ရော ကိုင်ထားတယ်။ စစ်ရေးလှုပ်ရှားနေကြတယ်လို့ ပြောလို့ရတာပေါ့။ လမုန်ဇွပ်က စစ်သားတွေရော မထွက်သေးဘူး“ လို့ ဆိုပါတယ်။
အဲဒီလို ရွာအတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တောင်ယာသွားဖို့တွက် ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွား/လမ်းလာ ကားသမားအချို့ဆီက ပိုက်ဆံကောက်ခံတာတွေ ရှိနေတယ်လို့လည်း အထက်ပါ မြစ်ကြီးနားဒေသခံက ပြောပါတယ်။
လမုန်ဇွပ်ကျေးရွာအတွင်းမှာသာမက ရွာနဲ့ မနီးမဝေးတောင်ကုန်းမှာပါ စစ်ကောင်စီတပ်သားအချို့ လှုပ်သွားသွားလာနေတဲ့ အတွက်ကြောင့်ပါ ဒေသခံတွေ ထင်းကောက်၊ မျှစ်ချိုးသွားဖို့ စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့လောက်ကလည်း မြစ်ဆုံလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားအချို့ လက်နက်ကိုင်ဆောင်ပြီး သွားလာလှုပ်ရှားနေကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကနေ သူလက်လွှတ်လိုက်ရတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ စက်တင်ဘာလကုန်ပိုင်းလောက်ကနေ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှု များလာတာလို့လည်း သိရပါတယ်။
အာလမ်ကျေးရွာအတွင်းမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့လောက်က အောက်တိုဘာလ ၁၄ ရက်နေ့အထိတော့ စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးဝန်းကျင်ထက်မနည်း တိုက်နယ်ဆေးပေးခန်းနဲ့ ကားလမ်းဘေးတစ်လျှောက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြပြီး လက်ရှိအချိန် ရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားခြင်း ရှိ/မရှိကိုတော့ ဖုန်းလိုင်းအဆက်အသွယ်ကြောင့် မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လမုန်ဇွပ်ကျေးရွာဟာ အာလမ်ကျေးရွာအုပ်စုအတွင်းပါဝင်ပြီး ၂၀၁၄ သန်းခေါင်းစာရင်းအရ အာလမ်ကျေးရွာ အုပ်စုအတွင်း လူဦးရေ ၄,၆၀၀ ကျော် နေထိုင်ပါတယ်။







