တရုတ်ဘက်က ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ် ပိတ်လိုက်တာကြောင့် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွင်း စက်သုံးဆီနဲ့ကုန်ဈေးနှုန်း မြင့်တက်လာ

119

 

အောက်တိုဘာ၊၂၄

ကန်ပိုက်တီမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တရုတ်ကနေ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်လိုက်ပြီး ဝိုင်းမော်နဲ့မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

ကန်ပိုက်တီမြို့အနီးမှာ အောက်တိုဘာလ ၁၇ ရက်နေ့လောက်ကတည်းက KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး တရုတ်ပြည်ဘက်နေ အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက နယ်စပ်ဂိတ်ပိတ်ထားတာကြောင့် ကုန်အဝင်မရှိတော့ဘဲ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

ကန်ပိုင်တီဂိတ်ကိုတရုတ်တွေ မဖြတ်ခိုင်းတော့တာလေ။ တရုတ်တွေမဖြတ်ခိုင်းလို့ ဆီတွေ ဈေးတက်လာနေတယ်။ တချို့ဆိုင်တွေဆို ပိတ်ထားကြပြီ။ ဆီသယ်တဲ့ကားတွေတော့ အလွတ်ပဲဆင်းလာကြတယ်။“လို့ ဒေသခံကဆိုပါတယ်။

လက်ရှိအချိန်မှာ ဓာတ်ဆီတစ်လီတာကို ၈,၅၀၀ ကျပ်ရှိနေပြီဖြစ်ပြီး ကားစီးနင်းတဲ့သူတွေကို ၅၀,၀၀၀ ကျပ်၊ ဆိုင်ကယ်စီးနင်းသူကိုတော့ ဆီတိုင်ကီအပြည့်(၅ လီတာခန့်) ဆိုပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒါ့အပြင် အခြားစားသောက်ကုန်တွေလည်း ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရက်အတန်ကြာ ဂိတ်ပိတ်ထားမယ်ဆိုရင် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့သာမက ကချင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများ ထိခိုက်လာနိုင်တယ်လို့ နောက်ထပ်ဝိုင်းမော်ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း နည်းနည်းတော့ခက်လာတော့မယ်။ ခရမ်းချဉ်သီး၊ အာလူးတွေ၊ ဂေါ်ရခါးသီးတွေက အဲဒီဘက်ကပဲလာတာ။ အောက်ပိုင်းကသယ်မယ်ဆိုရင် အရမ်းခက်သွားပြီလေ။ အဲဒါကြောင့် တရုတ်နယ်စပ်ကပဲ သွားသယ်ယူနေတာ။ လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် မန္တလေး-မြစ်ကြီးနားအဓိကလမ်းမကြီးကို လက်နက်ကိုင်တပ်ဖွဲ့တွေ ပိတ်ထားတဲ့အတွက် ကုန်ကားတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။

အဲဒါကြောင့် ကန်ပိုက်တီ- တရုတ်နယ်စပ်ဂိတ်ကိုသာ အာထားနေရပြီး လတ်တလောဂိတ်ပိတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

ကန်ပိုက်တီမြို့အနီးက ကချင်နယ်ခြားစောင့်တပ်(BGF)၊ အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အောက်တိုဘာလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

KIA ဘက်နေ အထက်ပါတပ်ရင်းဌာနချုပ်ကို မသိမ်းပိုက်နိုင်ခင် စင်ကြိုင်နဲ့ ကန်ပိုက်တီ လမ်းတစ်လျှောက်က စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့ တပ်စွဲနေရာယူ စခန်းချထားတဲ့ ကာကင်းစခန်းတွေ ကိုတိုက်ခိုက်သိမ်းယူနေစဉ် အောက်တိုဘာလ ၁၈ ရက်နေ့လောက်ကတည်းက တရုတ်ဘက်နေ ကန်ပိုက်တီနယ်စပ်ဂိတ်ကို ပိတ်လိုက်တာပါ။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခုဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီဂိတ်ကို တရုတ်ပြည်ဘက်က ပိတ်ထားလိုက်တဲ့အပြင် ပန်ဝါနယ်စပ်ဂိတ်နဲ့ လိုင်ဇာဂိတ်ကိုပါပိတ်ထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here