ခွန်အားပြည့်စုံတဲ့ အသက်အရွယ်ရှိသူတွေအားလုံး တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း

53

 

အောက်တိုဘာ၊၂၅

လက်ရှိအခြေအနေဟာ ရှိသမျှခွန်အားနဲ့ ကြိုးစားအားထုတ်ရမယ့်အချိန်ဖြစ်တာကြောင့် ခွန်အားပြည့်စုံတဲ့ အသက်အရွယ်ရှိသူတွေ အားလုံး တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ကျရောက်တဲ့ (၆၄)နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နေ့မှာ မိန်းခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ရီလ(၁)ရက်နေ့က စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ နွေဦးတော်လှန်ရေးကြီး( Spring Revolution)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်တွဲပြီး အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင်မယ့် အချိန်ကောင်းဖြစ်တယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။

မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ ပါဝင်ထောက်ခံတဲ့ တော်လှန်ရေးဖြစ်တာကြောင့် အာဏာရှင်စနစ် အမှန်တစ်ကယ် ကျရှုံးသွားမှာ ဖြစ်ပြီး KIO ဗဟိုကော်မတီကနေ ဦးစီးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ ပြည်သူအားလုံးနဲ့ ဌာနဆိုင်ရာတွေ အားလုံး နိုင်ငံရေးပန်းတိုင်ရောက်အောင် ကြိုးစားပါဝင်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ထားပါတယ်။

ကချင်အမျိုးသားတော်လှန်ရေး ခရီးစဉ် နှစ်ပေါင်း(၆၀)ကျော်လာပြီဖြစ်ပေမဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်သေးပါဘူး။ လက်ရှိ အခြေအနေဟာ ကျွန်တော်တို့ဆီမှာရှိသမျှ အားအင်နဲ့ ကြိုးစားအားထုတ် ယူရမယ့်အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့် ခွန်အားပြည့်စုံပြီး အသက်အရွယ်ရှိတဲ့ လူတွေအားလုံး ဒီအရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လာကြပါစို့လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက အခုလို တိုက်တွန်းထားတာပါ။

KIO အနေနဲ့ အာဏာရှင်စနစ် ပျောက်ကွယ်သွားအောင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ထားတဲ့အတွက် ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မကြာမီအချိန်မှာ ပြည်သူ့စစ်အဖွဲ့တိုင်း ရပ်နားပြီး KIO နဲ့ တစ်သားတည်း လျှောက်လှမ်းသွားဖို့ကိုလည်း ပြန်လည်သတိပေးလိုက်တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ အားသွန်ခွန်စိုက် ပါဝင်ပတ်သက်နေသူတွေနဲ့ ရန်သူရဲ့ လက်ပါးစေအဖြစ် ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အနုနည်းနဲ့ သိမ်းသွင်းခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့အချို့ကတော့ ရုတ်သိမ်း ရပ်နားသွားတာ ရှိသလို တစ်ချို့ကတော့ ဆက်လက် လုပ်ဆောင်နေတာတွေကို မြင်တွေ့နေရပါတယ်လို့ ပြောပါတယ်။

ပြန်လည်သိမ်းပိုက်ရရှိထားတဲ့ နယ်မြေဒေသ၊ ကျေးလက်ကျေးရွာတွေကို ပြန်လည်ထူထောင်တာ၊ အုပ်ချုပ်ရေး ယန္တရားချမှတ်တာ၊ တရားဥပဒေစိုးမိုးရေးတွေကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပြီး ပညာရေးအတွက်လည်း ကျောင်းတွေ တိုးချဲ့လှစ်တာ၊ ကျန်းမာရေး စီမံကိန်းတွေကို ချမှတ်ပြီး ဆေးရုံ၊ ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် လယ်ယာ၊ တောင်ယာလုပ်ငန်းတွေ ကောင်းမွန်စွာ တိုးချဲ့ လုပ်ဆောင်ဖို့ အစီအစဉ် ရေးဆွဲအကောင်အထည်ဖော်နေသလို စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ ချမှတ်ပြီး နေရာဒေသအချို့မှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မတ်လ ၇ ရက်နေ့က စတင်လိုက်တဲ့ KIA ရဲ့ ထိုးစစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ စခန်းပေါင်း ၂၂၀ ကျော်ကို သိမ်းပိုက်ထားပြီလည်း ဖြစ်ပါတယ်။

လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ မြန်မာအစိုးရ အဆက်ဆက် ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဘဝကနေလွတ်မြောက်ပြီး လွတ်လပ်တဲ့ ကချင်နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့တော်လှန်ရေးကို ဦးစီးဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIOကို ဖွဲ့စည်းတည်ထောင်ထားတာ (၆၄)နှစ်ပြည့်အထိမ်းအမှတ်နေ့ ဖြစ်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပါရှိပါတယ်။

နိုင်ငံရေးနဲ့ တရားမျှတမှုရယူရန် ရည်ရွယ်ချက်နဲ့ KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို

 

LEAVE A REPLY

Please enter your comment!
Please enter your name here