မြစ်ဆုံတွင် ငလျင်ကြောမရှိဟု ပြောဆိုနေမှုများသည်မဟုတ်မှန်ကြောင်း ဒေါက်တာမြင့်ဇော် ပြောကြား

1928

မြစ်ကြီးနား၊ ဇွန် ၂၁

မြစ်ဆုံတွင် ငလျင်ကြောမရှိကြောင်း ပြောဆိုနေမှုများသည် မှားယွင်းကြောင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဒေါက်တာမြင့်ဇော်က မြစ်ကြီးနားမြို့၊ City Park Royal တွင် ဇွန်လ၂၁ ရက်နေ့က ပြုလုပ်သည့် မြစ်ဆုံရေကာတာတာ စီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေး ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

တရုတ် SPIC ကုမ္ပဏီမှလူကြီးများ၊ ပညာရှင်များက မြစ်ဆုံဒေသတွင် ငလျင်ကြောမရှိကြောင်း ကချင်ပြည်နယ် လွှတ်တော်တွင် လာရောက်ဆွေးနွေးခဲ့သည့်အပေါ် ပြန်လည်ချေပ ပြောဆိုခြင်း ဖြစ်သည်။

သို့သော်လည်း မေခနှင့် မလိခမြစ်ဆုံရာနေရာသည် ကျောက်လွှာကြီးသုံးခု ထိပ်တိုက်တွေ့သည့် နေရာ ဖြစ်သောကြောင့် ထိုနေရာမျိုးတွင် မြေပြင်အောက်မှ မြေလွှာများ၏ လှုပ်ရှားမှု အမြဲရှိနေသဖြင့် ငလျင်ကြော ရှိသည်ဟု ဒေါက်တာမြင့်ဇော်က အခိုင်အမာ ထောက်ပြခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်၊ မြစ်ဆုံမှာ ငလျင်ကြောရှိတယ် ဆိုတာ။ ကျွန်တော်ပြောတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှင်တွေက ထောက်ပြတာ”ဟု ဒေါက်တာမြင့်ဇော်က ပြောသည်။

မြစ်ဆုံဒေသ တစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်အတိမ်အနက် သမိုင်းကြောင်းကို စူးစမ်းလေ့လာကြည့်ပါက ငလျင်ကြောသည် ကမ္ဘာ့အတိမ်ပိုင်းမြေအောက်အနက် ၁၆ ကီလိုမီတာ ဗဟိုပြုနေသည်ကို တွေ့ရှိရကြောင်း ဒေါက်တာမြင့်ဇော်က ထပ်မံပြောဆိုသည်။

ယင်းအပြင် မေခမြစ်သည် ငလျှင် ဇုန်(၂)နှင့် (၃)အတွင်းရှိပြီး မလိခမြစ်တစ်လျှောက်လုံးသည် ငလျင်ဇုန် အဆင့် ၄(အပြင်းဇုန်)အတွင်း ရှိနေကြောင်း၊ မြစ်ဆုံဆည် ပတ်ဝန်းကျင်တွင် ရစ်ချက်စ်တာစကေး ၅ နှင့် ၇ အထက်ရှိသည့် ငလျင်များ ကြိမ်ဖန်များစွာ လှုပ်ခတ်ဖူးကြောင်း ဒေါက်တာမြင့်ဇော်က ဆက်လက်ပြောပြခဲ့သည်။

ဟောပြောပွဲ တက်ရောက်လာသည့် (တက်လား) ဝါရှောင်ဆရာတော် အရှင် ဝိဇယက မြစ်ဆုံသည် ဒေသခံပြည်သူများ၏ အသက်အိုး အိမ်ဖြစ်သောကြောင့် စီမံကိန်းကို ဆက်လက်မလုပ်ဆောင်ရေး အတွက် အစိုးရနှင့် ပြည်သူလူထုညီညွတ်ရန် အထူးအရေးကြီးကြောင်း မိန့်ကြားသည်။

“ပြည်သူတွေပဲ အော်နေကြတာ။ အခုက အစိုးရအသံမပါဘူးလေ။ အဲလိုဆိုတော့ အဓိကတော့ နှစ်ဖက်အသံပါမှ ဒီကိစ္စကြီးကငြိမ်းချမ်းမှာ” ဟု ဆရာတော် ဦးဝီဇယက ဆက်လက်မိန့်ကြားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး စီမံကိန်း အပြီးတိုင်ရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းမှ မြစ်ဆုံအရေး တက်ကြွ လှုပ်ရှားသူများက အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သဖြင့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် (၂၀၁၁-၂၀၁၆) က ယာယီ ရပ်ဆိုင်းထားခဲ့သည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here