မြစ်ရေကြီးပြီး နောက်ပိုင်း ကြက်ပေါင်ခြံ ရပ်ကွက်၏ အခြေအနေ 

1202
မြစ်ကြီးနား၊ ဇူလိုင်၂၄
မြစ်ကြီးနားမြို့အတွင်း ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့ပြီးနောက် မြစ်ရေဝင်ရောက်ခဲ့သည့် ကြက်ပေါင်ခြံရပ်ကွက်တွင် မြစ်ရေကျပြီးသော်လည်း မြေနိမ့်နေရာများ၌ ရေ အမြောက်အများ တင်ကျန်နေမှုကြောင့် ရေမြောင်း ဖောက်ပေးရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
ထို တင်ကျန်နေသောရေမှ ခြင်ပေါက်ဖွားကာ ဘေးပတ်ဝန်းကျင် အိမ်ခြေများ တုပ်ကွေးရောဂါ အဖြစ်များလာခြင်း၊ မြစ်ရေကြီးပြီးနောက် ရေဆိုးရေညစ်များ ကြွင်းကျန်နေမှုကြောင့် အနံ့အသက်ဆိုးများ ခံစားနေရခြင်း စသော ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေရကြောင်း ကြက်ပေါင်ခြံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး အိုင်ဆိုရီကန်က ပြောသည်။
“ရေက ပုပ်စော်နံသွားပြီ။ ရေအကုန်လာစုတော့ အဲ့ပတ်ဝန်းကျင်က မိသားစုတွေ အကုန်ဖျားနေကြပြီ ရေတက်တဲ့အချိန်မဖျားဘူး လူတွေက ရေကျပြီးချိန်ကစပြီး တအားကို ဖျားလာတာ။ တစ်အိမ် တစ်ယောက်တစ်ယောက် အားလုံးကို ဖျားတာ ဒီတုပ်ကွေးလေ…”ဟု ဦး အိုင်ဆိုရီကန် က ပြောသည်။
လက်ရှိရေကျပြီးချိန်တွင် ရေဝပ်သောနေရာများ၌ ခြင်ပေါက်ဖွားမှုများ ယခင်ထက်ပိုမိုများပြားလာပြီး ရာသီတုပ်ကွေး ဖြစ်ပွားမှုနှုန်းနှင့် ဖျားနာမှုများ တိုးလာကြောင်းနှင့် ဒေသခံများ၏ နေအိမ်များရှိ ရေဘုံဘိုင်များ ရေဝပ်သောကြောင့် ကျိုချက်၍ သောက်သုံးနေရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးဒီလေးက ပြောသည်။
“သောက်ရေက အိမ်ကရေတွေ သောက်လို့မရတော့ဘူး။ ဒီဘက်မှာ ရေတွေအိုင်နေတော့ ခြင်တွေပြည့်နေတာပဲ ခြင်ဆေးခွေ မထွန်းလည်း မတတ်နိုင်ဘူး၊ ထွန်းရတာပဲ။ အရင်တုန်းကတော့ သိပ်မလာဘူး။ ရေကြီးပြီးနောက်ပဲ ခြင်တွေများ လာတယ်”ဟု ဦးဒီလေးက ပြောသည်။
ထို့အပြင် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော အခြားရပ်ကွက်များကဲ့သို့ ကျေးလက် ကျန်းမာရေးဆေးပေးခန်းများ မရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြောင်း၊ ရပ်ကွက်အတွင်း ကျန်းမာရေး ဆေးပေးခန်း ထားရှိပေးရန် လိုအပ်နေကြောင်း အုပ်ချုပ်ရေးမှူး ဦးအိုင်ဆိုရီကန်က ပြောသည်။
“ရေကျပြီး နောက်ပိုင်း ဆေး လာခတ်ပေးတာမျိုးတွေလည်း မရှိဘူး။ လူတွေက ပိုက်ဆံမရှိကြဘူး။ ဆေးခန်းသွားလညး် လူတွေအပြည့်ပဲ။ ဆေးကုဖို့သွားလည်း အဆင့်မရောက်ဘူး။ အဲ့တော့ ရပ်ကွက်အတွက် လိုအပ်တဲ့ ဆေးခန်းတွေ ရချင်တယ်။ နောက်တစ်ခုက မြောင်းဖောက်စေချင်တယ်”ဟု ၎င်းက ပြောသည်။
ရေမြောင်း ဖောက်လုပ်ပေးရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ထွေအုပ်သို့ တင်ပြထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ဦးအိုင်ဆိုရီကန်က ပြောသည်။
ကြက်ပေါင်ခြံ ရပ်ကွက်သည် အိမ်ခြေ ၈၀ဝ ဝန်းကျင်ရှိပြီး လူဦးရေစုစုပေါင်း၄၅၀ဝခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ၁၉၇၉၊ ၁၉၉၇၊ ၂၀ဝ၄ခုနှစ်တွင် မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးသည်။ ယင်းခုနှစ်များတွင် မြစ်ရေမြင့်တက်မှုသည် စိုးရိမ်ရေအမှတ် ကျော်လွန်ကာ ၁၄၀ဝကျော် စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ၁၂၂၉ စင်တီမီတာအထိသာ အမြင့်ဆုံး မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနှစ် မြစ်ရေမြင့်တက်မှုကြောင့် မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ရွှေညောင်ပင်၊ စီတာပူ၊ လယ်ကုန်း၊ ကျွန်းပင်သာ၊ ကချင်စု တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
Ann/Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here