မတ်၊၂၉
ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state)အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိလာပြီး ယမန်နေ့ညမှ စတင်ကာ လက်နက်ကြီး ပစ်ခတ်သံကြားလာရသောကြောင့် အနီးအနားရှိ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ယနေ့ည(၁)နာရီဝန်းကျင်မှ စတင်ပြီး ယနေ့မနက်အထိပါ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၄)အောက် တပ်ရင်း(၈)နှင့် စစ်ကောင်စီတပ်သားများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့ည(၁)နာရီကနေ စပြီး ကြားရပြီ။ ဒီမနက်ပိုင်းရော လက်နက်ကြီးတွေ ပစ်ပေးတယ်။ရွာအပြင်ဘက်တွေမှာ လက်နက်ကြီးတွေ ကျတယ်။ ရွာကလူတွေ တချို့က တောထဲမှာ တချို့က ရွာထဲမှာ ရှိနေတယ်။ အရမ်းခက်နေတယ် ခုက။”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့အပြင် KIA နှင့် တအောင်းပလောင်(TNLA) တပ်များပါ အနီးအနားတွင် တွေ့မြင်လာရသောကြောင့် စင်လီကောင်ရာ ကျေးရွာနေပြည်သူများ တောတောင်များ ရှိရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းအပြင် ယနေ့မနက်ပိုင်းမှ စတင်ကာ စင်လီကောင်ရာ ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေပြီ ဖြစ်ပြီး ဒေသခံပြည်သူများ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။
“ဒီမနက် အစောအပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လာနေ နေပြီ။ ရွာသားတွေတော့ အကုန်ပြေးကုန်ပြီ။ တော၊ တောင်ဆီကို ပြေးရတာ။ ထွက်ပြေးရင်း ဆန်မပါလာတဲ့ သူက အိမ်ပြန်ပြီးသွားချက်စားမယ်လုပ်ပြီး ပြန်သွားတော့ စစ်သားတွေနဲ့ တွေ့ပြီး သူတို့က ပေးမထွက်တော့ဘူး။ တောထဲမှာနေ နေတဲ့ ရွာသားတွေ အားလုံးကိုလည်း ပြန်ခိုင်းတယ်။ မပြန်ရင် နင်တို့ရှိတဲ့နေရာ ပစ်မယ် ပြောတယ်”ဟု ၎င်းက ပြောသည်။
စစ်ကြောင်းထိုးလာသည့် အနီးအနားရွာများဖြစ်သည့် မမ်ဂျပ်နှင့် နားမွန်းကျေးရွာ ပြည်သူအချို့ အနေဖြင့် ဘေးလွတ်ရာ နမ်ဒူ နှစ်ခြင်းဘုရားကျောင်းဆီ ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ စစ်ကြောင်း ပိတ်ဆို့မှုများကြောင့် တောင်၊ တောင်များနှင့် ရွာအတွင်း ပိတ်မိနေသည့် စင်လီကောင်ရာ ကျေးရွာ ပြည်သူများအတွက် အမြန်ဆုံး ဘေးလွတ်ရာကို ရောက်ရှိရေး အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရပြီး
ယင်းကျေးရွာသည် အိမ်ခြေ(၃၀)ကျော် ရှိကြောင်းလည်း သိရသည်။







