လက်တစ်ကမ်းက အန္တရာယ်

1249

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ လုယက်မှုဖြစ်ပွားတယ်ဆိုတဲ့ အသံတွေက ၂၀၁၇ နှစ်ကုန်ပိုင်းမှာ တိုးလျသွားသလိုရှိပေမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ရောက်တဲ့အခါမှာတော့ ဖောက်ထွင်းမှု၊ ဓားပြမှုဆိုတဲ့အသွင်တွေနဲ့ပြန်လည်ဝင်ရောက်လာပါတယ်။ ဇန်နဝရီလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ကြားလိုက်ရတဲ့ သတင်းက လူတိုင်းကို ကြက်သီးမွှေးညှင်းထစေပါတော့တယ်။

“ဘဏ်ဓားပြတိုက်မှု”တဲ့ ။
ကချင်ပြည်နယ်မှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားတဲ့ ဘဏ်လုယက်မှုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် နှစ်လယ်လောက်တုန်းက မြို့လယ်ခေါင်က ရွှေဆိုင်မှာ တစ်ခါဖြစ်ဖူးပေမယ့် ဥပဒေရဲ့အလိုအရ လူ ၅ ယောက်နဲ့အထက် မဟုတ်တာကြောင့် ဓားပြမှုအဖြစ် အမည်တပ်ခြင်းမခံခဲ့ရပါဘူး။

ဓားပြတိုက်ခြင်းအတတ်ပညာကို မကျွမ်းကျင်ဘဲ ဘောလုံးပွဲလောင်းကြေးရှုံးလို့ ကြံရာမရလုပ်မိတဲ့ ကျူရှင်ဆရာလေးတစ်ယောက်မို့ ရဲက ချက်ခြင်းဆိုသလို ဖမ်းဆီးလိုက်နိုင်ပါတယ်။

နောက်ပိုင်းမှာလည်း လူငယ်သုံးလေးယောက်လောက် ဓားလက်နက်ပြ ခြိမ်းခြောက်တောင်းယူတာတွေ ရှိခဲ့ပေမယ့် ဓားပြမှုနဲ့ ဖမ်းဆီးတာ မရှိသလောက်ပါပဲ။

တစ်စုံတစ်ယောက်ကို ဖမ်းမိတဲ့အခါမှာတော့ နောက်ကွယ်ကလူတွေရော ပူးပေါင်းပါဝင်တဲ့သူတွေရော ဂိုဏ်းဖွဲ့ကျူးလွန်နေ ကြတာကို တွေ့ရပါတယ်။ သို့ပေသိ ဒေါက်တာညီစတိုးနဲ့ အား ဆုန်စတိုးတွေကို ဖောက်ထွင်းခိုးယူမှုနဲ့ ဖမ်းဆီးထားသူတွေထဲမှာ အသက် နှစ်ဆယ်ပင်မပြည့်တတ်သေးတဲ့ အဆောင်နေ ကျောင်းသားလေးတွေလည်း ပါဝင်နေပါတယ်။

အခုအမှုမှာတော့ လူကိုးယောက်ပါဝင်တယ်လို့ သတင်းများပျံ့နှံ့နေပြီး ကျပ်သိန်း ၉၀၀ ကျော်ပါ ဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်အမှန်တကယ် ပြစ်မှုကျူးလွန်သူ လေးယောက်သာဖြစ် တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ဟာ တစ်နေ့တခြား  စည်ပင်ထွားကြိုင်းလာတဲ့မြို့တစ်မြို့ ဖြစ်လာတာနဲ့အညီ မငြိမ်းချမ်းခြင်းနဲ့အတူ အားကောင်းမောင်းသန်ဖြစ်လာတာကတော့ လုယက်မှုတွေ၊ ခိုးမှုတွေနဲ့ လက်နက်ပြပြီး ခြောက်လှန့်တောင်းယူတဲ့ မှုခင်းတွေပါပဲ။

နေ့နေ့ညည အချိန်မရွေးဖြစ်နေတဲ့ ခိုးမှု၊ လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုတွေကနေ တစ်ဆင့်တက်လို့ ဖြစ်ပေါ်လာတဲ့ ဓားပြမှုဆန်တဲ့ အခုပြစ်မှုကြီးက ပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ခြောက်လှန့်နေပါတယ်။

ယခင်က ညနေပိုင်းလူပြတ်လပ်တဲ့ လမ်းတွေမှာသာဖြစ်ပွားခဲ့ပေမယ့် အခုချိန်မှာတော့ အချိန်နေရာမရွေး ဖြစ်ပေါ်လို့လာ နေပါတယ်။ လူတိုင်းအတွက်လည်း အန္တရာယ်က အချိန်မရွေး၊ နေရာမရွေးကျရောက်နိုင်တယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။ ပြည်သူတွေရဲ့ပတ်ဝန်းကျင်မှာ ကြားဖူး၊ မြင်ဖူးထားပြီးသား ဖြစ်စဉ်တွေကလည်း ရှိနှင့်တာမို့ ပြည်သူ့ဘဝလုံခြုံအေးချမ်းရေးက အရေးတကြီး လိုအပ်နေပါပြီ။

လက်ရှိအခြေအနေက မိသားစုဝင် တစ်စုံတစ်ယောက်ကို အိမ်မှာတစ်ယောက်တည်းထားပြီး စီးပွားထွက်ရှာဖို့နောက်ဆံ တင်းစေသလို အိမ်မှာကျန်နေခဲ့တဲ့သူတွေအနေနဲ့လည်း အိမ်ပြင်ထွက်ပြီး အလုပ်သွားတဲ့ မိသားစုဝင်တွေအတွက် စိတ်ပူပန်မှုကို ဖြစ်စေတာအမှန်ပါ။

ကချင်ပြည်နယ်မှာ လုယက်မှုတွေကြောင့် အသတ်ခံခဲ့ရတဲ့သူတွေရှိခဲ့သလို ပင်ပန်းတကြီး ရှာဖွေထားတဲ့ ချွေးနဲစာလေးတွေ ဆုံးရှုံးခဲ့ရပေါင်းလည်း များလှပါပြီ။ ဖြစ်စဉ်တစ်ခုဖြစ်ပွားပြီးတိုင်း ပေါ်ပေါက်တဲ့အမှုဆိုတာက အင်မတန်နည်းနေသေးတော့ ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့ကို ယုံကြည်အားကိုးဖို့ဆိုတာအမှုဟောင်းတွေမပေါ်သေးသမျှ ခက်ခဲနေဦးမှာပါ။

ပြည်သူတွေအနေနဲ့ကလည်း နေ့နေ့ညည တစ်ယောက်တည်း လုံလုံခြုံခြုံသွားလာနိုင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ပြည်သူတွေရဲ့ လက်တစ်ကမ်းကအန္တရာယ်ကို ပြည်နယ်အစိုးရက ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြယုံသာရှိပါတော့တယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here