ကချင်ပြည်နယ်သားတွေ ဂုဏ်ယူနိုင်အောင် ရိုက်ကူးထားတယ်ဆိုတဲ့ ကချင်ပြည်နယ်သား ဒါရိုက်တာရဲ့ “တန်ဖိုး”

1010

၂၀၁၅ ခုနှစ်က ပြုလုပ်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ The Confession ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ အကောင်းဆုံးဇာတ်လမ်းဆုငါးဆုရရှိထားတဲ့ ချွန်အန်းရုပ်ရှင်တက္ကသိုလ်ရဲ့ Film Making Directing ကျောင်းသားတစ်ဦးဖြစ်သူ ဖာသာဂျွန်လရော်ရိုက်ကူးခဲ့တဲ့ တန်ဖိုးရုပ်ရှင်ဇာတ်ကားနဲ့ ပက်သက်ပြီး မေးမြန်းဖြစ်ခဲ့သည်များကို မြစ်ကြီးနားဂျာနယ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

မေး ။   ။ ပထမဦးဆုံးအနေနဲ့ father ရဲ့ နာမည်နဲ့ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။     ။ကျွန်တော့်နာမည် Father John Laraw ခေါ်ပါတယ်။ ကျွန်တော်က ကတ်သလစ်ဘုန်းတော်ကြီး တစ်ပါးပါ။ အခုအချိန်မှာ ကိုရီးယားနိုင်ငံက ချွန်အန်းတက္ကသိုလ်မှာ  Film Making Directing မေဂျာနဲ့ Master တန်းတက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

 

မေး ။   ။ father အနေနဲ့ အခု မြန်မာနိုင်ငံမှာ တန်ဖိုးဆိုတဲ့ ဇာတ်ကားတစ်ကား လာရောက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ တန်ဖိုးရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ၊  ရုပ်ရှင်ရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကိုရေးသားထားသူတွေကိုလည်း ပြောပြပေးပါရှင့်။

ဖြေ ။    ။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရေးသားတာကိုတော့ ကျွန်တော်ကိုယ်တိုင် ရေးသားထားတာပါ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်ပညာပေး ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။  အဓိကဇာတ်ဆောင်များအနေနဲ့ မင်းသမီး အေးမြတ်သူ၊ မင်းသား အကယ်ဒမီထွန်းထွန်း၊ ဇာတ်ပို့သရုပ်ဆောင် အကြီးတွေကတော့ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီရန်အောင်၊ ခင်ဇာခြည်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ရံ အားလုံးပေါင်း ၁၀၀ ကျော် ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

မေး ။   ။  ရုပ်ရှင်ထဲမှာ ကိုရီးယားနိုင်ငံက အနုပညာကျောင်းတက်နေတဲ့ လူငယ်လေးတွေလည်းပါဝင်ပြီး father နဲ့ပူးတွဲဒါရိုက်တာ လုပ်ထားတယ်ဆိုတော့ သူတို့တွေနဲ့ ဘာကြောင့် လက်တွဲပြီးရိုက်ကူးဖြစ်ခဲ့တာလဲ ရှင့်။

ဖြေ ။    ။ ကျွန်တော်ကိုယ်တိုင်ကလည်း ရုပ်ရှင်တက္ကသိုလ် တက်ရောက်နေတာဆိုတော့  ကျွန်တော့်ရဲ့ ရုပ်ရှင်ကားကြီး ရိုက်တဲ့အချိန်မှာလည်း ရုပ်ရှင်ကျောင်း အတူတက်ရောက်နေတဲ့သူငယ်ချင်းတွေက ၀င်ရောက်ကူညီခြင်း ဖြစ်ပါတယ်ခင်ဗျ။ ကိုးရီးယားလူမျိုးတွေပဲ မဟုတ်ပါဘူး။ တရုတ်လူမျိုး ၄ ယောက်ပါတယ်။ ဘူလ်ကေးရီးယား အနောက်နိုင်ငံက တစ်ယောက်ပါတယ်။ အားလုံးပေါင်း ၁၇ ယောက် ပါဝင်ပါတယ်။ ကျွန်တော်တို့ တက်ရောက်နေတဲ့ ရုပ်ရှင်တက္ကသိုလ်ထဲကပဲ မဟုတ်ပါဘူး။ ဆိုးလ်မြို့မှာရှိတဲ့ ရုပ်ရှင်တက္ကသိုလ်မှာ ပညာဆည်းပူးနေတဲ့ Production Designer ကျောင်းသားလေးတွေ၊ ရိုက်ကူးရေးအဓိကမေဂျာ တက်ရောက်နေတဲ့ကျောင်းသားတွေ အများကြီးပါဝင်ပါတယ်။

 

မေး ။   ။ သူတို့ရဲ့ နာမည်တွေကိုလည်း ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ ။    ။ တစ်ယောက်ချင်းစီရဲ့နာမည်ကိုတော့ မပြောတော့ပါဘူး။ ကင်မရာဆရာတစ်ယောက်ကတော့ မင်ဆောင်ဦးလို့ ခေါ်ပါတယ်။ သူကတော့ ကိုရီးယားနိုင်ငံက နာမည်ကြီးရုပ်မြင်သံကြား ဒရာမာဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ ကင်မရာဆရာတစ်ဦး ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ကျွန်တော်ရဲ့ အတန်းဖော်ဖြစ်တဲ့ ဆောင်ဂျီဟေး  ဖြစ်ပါတယ်။ ကမ်ဂျီရောင်၊ ကမ်ဂျွန်အီတို့ စက်အဖွဲ့အားလုံး ပါဝင်ရိုက်ကူးကြတာပါ။

 

မေး ။   ။ father တို့ ရိုက်ကူးခဲ့တဲ့ တန်ဖိုးရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဉ်းလေးနဲ့ ဘာကြောင့်ဒီရုပ်ရှင်ကို ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တယ် ဆိုတာပြောပြပေးပါရှင့်။

ဖြေ ။    ။ အမျိုးသမီးတစ်ဦးကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကောင်မလေးတစ်ဦးပေါ့နော်။ သူက မူးယစ်ဆေးဝါးရောင်းပြီး စီးပွားရှာနေတယ်။ သူက လူတကာရဲ့အပြောအဆိုအမျိုးမျိုးကို ခံခဲ့ရတယ်။  မိဘကလည်း စွန့်ပစ်ခဲ့တယ်။ ချစ်သူနဲ့သူငယ်ချင်းရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံရတယ်။ ချစ်သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုလည်း ချစ်သူက တာဝန်မယူဘူး။ နောက်တော့ ဘ၀သစ်တစ်ခုစဖို့ သူရွေးချယ်လိုက်တယ်ပေါ့။ ဘ၀တစ်ခုရဲ့ တန်ဖိုးက ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ချပြထားတာပါ။ ဘာကြောင့် ဒီဇာတ်လမ်းလေးကို ရွေးချယ်ရသလဲဆိုတော့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေ အများကြီးပျက်စီးနေရတယ်။ မိသားစုတွေ ၀မ်းနည်းပက်လက် ဖြစ်ကြရတယ်။ ကျွန်တော်ကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးခဲ့ပါတယ်။ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်လည်း  ဘယ်လောက်ဆိုးရွားတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် ဒီရုပ်ရှင်နဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးအန္တရာယ်ကို အသိပညာပေးချင်တာနဲ့ ရိုက်ကူးဖြစ်တာပါ။

 

မေး ။   ။ fatherက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့တယ်လို့ သိရပါတယ်။  father ရရှိခဲ့တဲ့ဆုတွေကို ပရိသတ်ကြီးကို ပြောပြပေးပါဦးရှင့်။

ဖြေ ။    ။ ၂၀၁၅ ခုနှစ်တုန်းက ကျွန်တော်ရိုက်ကူးခဲ့တဲ့ The Confession ဆိုတဲ့ ဇာတ်လမ်းတိုလေးက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆု ၅ ဆု ရရှိခဲ့ပါတယ်။ အီတလီနိုင်ငံ ရောမမြို့မှာပြုလုပ်တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ The Best Short Film Award ကို ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း ဇာတ်လမ်းတိုဆုရခဲ့တယ်။ ရောမက ရုပ်ရှင်ပွဲတော်တစ်ခုမှာလည်း  လတစ်လရဲ့ အကောင်းဆုံးဇာတ်လမ်းဆု ရခဲ့တယ်။ ဂျော်ဂျီရာနိုင်ငံက ခရစ်ယာန်ရုပ်ရှင်ပွဲတော်တစ်ခုမှာလည်း အကောင်းဆုံးမင်းသားဆုနဲ့ အကောင်းဆုံးဇာတ်လမ်းတိုဆု ရခဲ့တယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၁၂ ခုကို ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုလေးက ၀င်ခဲ့ပါတယ်။

 

မေး ။   ။  ရုပ်ရှင်နဲ့ ပတ်သက်ပြီး father တို့အနေနဲ့ ပရိသတ်တွေကိုပေးချင်တဲ့ Message လေးကိုလည်း ပြောပြပေးပါရှင့်။

ဖြေ ။    ။ ကိုယ့်ဘ၀က လူတွေရဲ့ပါးစပ်ဖျားမှာပဲ ရှိမနေဘူးဆိုတာကို ရိုက်ကူးထားတာပါ။ ကိုယ့်ဘ၀က ဘယ်လောက်အထိ တန်ဖိုးရှိတယ်ဆိုတာကို Message ပေးထားတာပါ။ လူငယ်တွေရဲ့ဘ၀မှာ ခွန်အားရစေမယ့် ဇာတ်လမ်းလေးပါ။

 

မေး ။   ။ရုပ်ရှင် ရိုက်ကူးစဉ်တုန်းက father တို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေကိုလည်း ပရိသတ်ကြီးကို ဝေငှပေးပါဦးရှင့်။

ဖြေ ။    ။ ရုပ်ရှင်ရိုက်ကူးတော့ ပိုက်ဆံက အရေးကြီးသွားတယ်။ ပိုက်ဆံပြတ်ပြတ်သွားတော့ ကျွန်တော်တို့လည်း ခေါင်းခဲရတာပေါ့နော်။ စက်အဖွဲ့တွေ ငှားရမ်းရတော့ ကုန်ကျစရိတ်တွေ အများကြီးကုန်ကျခဲ့ရတယ်။  ဒါပေမယ့် သူငယ်ချင်းတွေက အများကြီး ၀ိုင်းဝန်းပံ့ပိုးကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးကြောင့် ရုပ်ရှင်ကားကြီးကို အဆင်ပြေချောမွေ့စွာ ရိုက်ကူးပြီးစီးနိုင်ခဲ့ပါတယ်။ နောက်ကျရင် ခါကာဘိုရာဇီရုပ်ရှင်ထုတ်လုပ်ရေးက ကိုယ်ပိုင်စက်အဖွဲ့နဲ့ ရိုက်ကူးနိုင်အောင် ကြိုးစားသွားပါ့မယ်။

 

မေး ။   ။ ဒီရုပ်ရှင်ကို ဘယ်တော့လောက် ပရိသတ်ကြီးဆီကို ချပြနိုင်မလဲရှင့်။

ဖြေ ။    ။ ဖေဖော်ဝါရီလက စပြီး ကားကူးကားဆက် လုပ်တော့မယ်။ ဆင်ဆာတွေတင်ပြီး  ဆင်ဆာကျလာရင်တော့  နှစ်ကုန်ပိုင်း မဟုတ်ရင်တောင် နှစ်သစ်ထဲမှာပြသဖြစ်ပါမယ်။

 

မေး ။   ။ ရုပ်ရှင်နဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို ပြောချင်တဲ့စကားလေးကိုလည်း ပြောပြပေးပါရှင့်။

ဖြေ ။    ။ ကျွန်တော့် ပထမဦးဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကြီးပါ။ ကချင်ပြည်နယ်သား ကျွန်တော် ရိုက်ကူးထားတဲ့ ဇာတ်ကားကို ကချင်ပြည်နယ်သားတွေ ဂုဏ်ယူနိုင်အောင် အများကြီး ကြိုးစားထားပါတယ်။ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားတယ်။  လူငယ်တွေအတွက် ကိုယ့်ဘ၀က ဘယ်လောက်အထိ အဖိုးတန်ကြောင်း အသိပညာပေးချင်တဲ့ ဇာတ်ကားသက်သက်ဖြစ်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး ရိုက်ကူးထားတာပါ။ ရုံတင်တဲ့အချိန်မှာလည်း လာရောက်အားပေးဖို့ တောင်းဆိုပါရစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here