မြစ်ကြီးနား၊ ဇွန် ၃
မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်တွင် နေအိမ်အတွင်းဝင်ရောက်၍ လက်ဝတ်ရတနာ အမျိုးအစား သုံးဆယ်ကျော် ခိုးယူခဲ့သူ အိမ်နီးချင်း အမျိုးသမီးကို ဇွန်လ ၂ ရက်က ဖမ်းဆီးခဲ့ကြောင်း မြစ်ကြီးနားနယ်မြေရဲစခန်းမှ သတင်းရရှိသည်။
မြေမြင့်ရပ်ကွက်၊ အိမ်အမှတ် ၁၉၄/A မှ အိမ်ရှင် ဒေါ်ကမမ်းဂျာဆမ်သည် ဧပြီလ ၂၉ ရက်၊ တနင်္ဂနွေနေ့ နေ့လယ် ၁၁ နာရီက ဗေသလဘုရားကျောင်းသို့ သွားရောက်ဝတ်ပြုပြီး ၁၂ နာရီခန့် အိမ်ပြန်ရောက်သည့်အချိန် ၎င်း၏ လက်ဝတ်ရတနာများ ပျောက်ဆုံးသွားခဲ့သဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးရန် မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မေလ ၃၁ ရက်နေ့က တိုင်တန်းခဲ့သည့်အမှုဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်၍ မြစ်ကြီးနား နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး စခန်းမှူး ဒုရဲမှူး ဇော်လင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုနိုင်နှင့် မြေမြင့်ရပ်ကွက်တာဝန်ခံ နယ်ထိန်း ရဲတပ်ကြပ် ဇော်လင်းထိုက်၊ ဒုတပ်ကြပ် ကျော်သန်းတို့က တရားခံလိုက်လံစုံစမ်းခဲ့ကြကြောင်း၊ ထိုသို့စုံစမ်းရာ၌ တရားလို၏ အိမ်နီးချင်း အိမ်နံပါတ် ၁၉၂ တွင် ငှားရမ်းနေထိုင်သူ မသူဇာငြိမ်းတို့သည် ပုံမှန်ဝင်ငွေနှင့် မမျှအောင် ငွေကြေး သုံးစွဲပျော်ပါးလျှက်ရှိပြီး ဖုန်းအသစ်နှင့် အခြားအိမ်သုံးပစ္စည်းများကို ၀ယ်ယူနေသည်ဟု စုံစမ်းသိရှိခဲ့ရကြောင်း၊ မသင်္ကာတရားခံအဖြစ် မသူဇာငြိမ်းနှင့်ခင်ပွန်းဖြစ်သူ မောင်မောင်တို့ကိုဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထိုသို့စစ်ဆေးရာတွင် မသူဇာငြိမ်း၊ အသက် ၂၄ နှစ်က ထွက်ဆိုခဲ့သည်မှာ ၎င်းသည် ခင်ပွန်းဖြစ်သူ အိမ်တွင် မရှိခိုက် နှစ်အိမ်ကြားမှ သံဇကာခြံစည်းရိုးကိုကျော်ကာ ဒေါ်ဂျာဆမ်၏ နေအိမ်ဝင်းအတွင်းဝင်ရောက်ခဲ့ကြောင်း၊ အသင့်ယူဆောင်လာသည့် သံရိုက်တူဖြင့် မီးဖိုချောင်တံခါး ပတ္တာကို ဖျက်ဝင်ကာ အိပ်ခန်းတွင်းရှိ ခရီးဆောင် လက်ဆွဲအိတ်အတွင်းမှ လက်ဝတ်ရတနာများပါ ဘူး ၃ ဘူး ကို ယူငင်ပြီး ၀င်လမ်းအတိုင်း ပြန်ထွက်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။
၎င်း၏ထွက်ဆိုချက်အရ အမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ခင်ပွန်းဖြစသူ မောင်မောင်(ခ)နေဇော်ချစ်ကို အချုပ်မှလွှတ်ပေးခဲ့ကြောင်း နယ်ထိန်းအဖွဲ့ ထံမှသိရသည်။
၎င်း၏ နေအိမ်တွင် ရှာဖွေရာ ဆွဲကြိုး၊ လက်ကောက်၊ ဟန်းချိန်း၊ လက်စွပ်၊ နားကပ်၊ လည်ဆွဲ နှင့် ကလစ်အစရှိသည့် ရွှေနှင့်ပလက်တီနမ် လက်ဝတ်ရတနာအမျိုးအစား ၂၀ ကို သံသေတ္တာအတွင်းမှသိမ်း ဆည်းရမိခဲ့ကြောင်း၊ ထိုလက်ဝတ်ရတနာများနှင့်အတူ မြစ်ကြီးနား၊ တပ်ကုန်းရပ်ကွက်ရှိ ရွှင်ချမ်းအပေါင် ဆိုင်တွင် ပေါင်နှံထားသော လက်မှတ်ငါးစောင်ကိုလည်း တွေ့ရှိသဖြင့် ပေါင်နှံထားသော လက်ဝတ်ရတနာ ၁၀ မျိုးကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း၊ ထို့အပြင် မသူဇာက သူငယ်ချင်း မသန္တာဆိုသူကို ငှားရမ်း ပေးထားသည့် ဆွဲသီး၊ နားကပ်နှင့် လက်စွပ်တို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ZNO