နိုဝင်ဘာ ၂၀
ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းတွင်တည်ရှိသည့် ကျေးရွာ ၅ ရွာရှိ ဒေသခံတောင်သူများမှ စားကျက်မြေနေရာအတွက် မြေဧရိယာမြေပုံများကို ကိုယ်တိုင်တိုင်းတာပြီး မြေပုံ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
မိမိတို့ ကျေးရွာတွင် မရှိမဖြစ်လိုအပ်နေသော ကျေးရွာပိုင် စားကျက်မြေနေရာများဖြစ်သောကြောင့်၊ ဒေသခံတောင်သူများ ကိုယ်တိုင်တိုင်းတာခြင်းဖြစ်ကြောင်း ဒေသခံလူမှုအဖွဲ့ (MRJ)တာဝန်ခံ ဦးလရှီးအောင်လတ်က ပြောသည်။
“ဒေသခံတောင်သူတွေက သူတို့ရဲ့ ကျွဲ၊ နွားတွေကျောင်းဖို့ စားကျက်မြေ၊ မြေနေရာအခက်အခဲကို နေ့စဉ်ခံစားနေရတာ၊ ပြီးတော့ ကိုယ့်မြေကို ကာကွယ်ရမယ် ဖြေရှင်းရမယ်ဆိုတာကို အားလုံးသိဖို့ရန်နဲ့ ဒေသခံများလည်း သိနားလည်ဖို့ အခုလို ကိုယ့်နယ်မြေတွေကို သတ်မှတ်တာဖြစ်တယ်”ဟု ၎င်းင်းက ပြောသည်။
ထိုကျေးရွာများမှာ ရှဒူးဇွပ်၊ ဒွမ်ဘန်၊ ဒွမ်ဘုံး၊ လကောင်ကထောင်၊ လဝါးကျေးရွာများမှ ဒေသခံတောင်သူများဖြစ်ပြီး၊ နိုဝင်ဘာ လ ၁၈ ရက်နှင့် ၂၀ ရက်နေ့က ဒေသခံလူမှုအဖွဲ့ (MRJ) အဖွဲ့၊ ဒေသခံ ဦးဆောင်တောင်သူများက စားကျက်မြေနေရာများကို တိုင်းတာခြင်းဖြစ်သည်။
ဒွမ်ဘန်စားကျက်မြေဧရိယာဧက ၁၁၁၀၀ ကျော်၊ ရှဒူးဇွပ်ရွာရှိ ဧရိယာဧက ၁၃၅၀၀၀ ကျော်၊ ဒွမ်ဘုံးဧရိယာဧက ၁၅၀၀၀ ကျော်၊ လကောင်ကထောင်ရှိ စားကျက်မြေဧက ၁၀၅၉၀၀ ကျော်၊ လဝါးကျေးရွာရှိ ဧရိယာဧက ၈၇၀၀ ကျော် တိုင်းတာပြီး မြေပုံဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
၂၀၁၇ ခုနှစ်မှ စတင်ကာ ထိုနှစ်တွင် ဝါရာဇွပ်ကျေးရွာ၊ နောင်းမီ၊ တိန့်ကောက်ကျေးရွာ၊ နန်ဖြတ်ကျေးရွာနှင့်၂၀၁၈ ခုနှစ်တွင် မန်ပန်၊ ပန်နက်၊ လဂျားဘွမ်၊ ကောင်ရာမှ ဒေသခံတောင်သူများက စားကျက်မြေနေရာများကို တိုင်းတာပြီး မြေပုံဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြခြင်းဖြစ်သည်။
ဒေသခံတောင်သူများ မြေဧရိယာ တိုင်းတာခြင်းတွင် တောတောင်များ၊ ယုဇနကုမ္ပဏီ စီမံကိန်းနေရာနှင့် WCF မြေနေရာများ ပါဝင်ကြောင်း သိရသည်။
ထိုသို့ တိုင်းတာထားသည့် စားကျက်မြေ ဧရိယာများကို နိုင်ငံတော်မှ တရားဝင်ချမှတ်ပေးရန်၊ သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြရာ ၂၀၁၈ ခုနှစ်က တိုင်းတာထားသည့် မြေဧရိယာဧကကို ဖားကန့်မြို့နယ် မြေစာရင်းဦးစီးဌာနမှ လာရောက် တိုင်းတာခဲ့သော်လည်း ယခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများက ပြောသည်။
၂၀၁၈ ခုနှစ်တွင် လဂျားဘွမ်ကျေးရွာတွင် စိုက်ထူထားသည့် မြေပုံဧရိယာဆိုင်းဘုတ်မှာ သဘာ၀ ဘေးမဲ့တော ဧရိယာအတွင်းကျရောက်နေခြင်းကြောင့် တနိုင်းမြို့နယ် မြေစာရင်းဦးစီးဌာနမှ ထိုဆိုင်းဘုတ်ကို ယခုလတွင် လာရောက်ဖြုတ်ခိုင်းကြောင်း သိရသည်။
အက်စတာ