အပစ်အခတ် ရပ်စဲရေးအတွက် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ နိုဝင်ဘာလ လဆန်းပိုင်းတွင်သာ တွေ့ဆုံနိုင်တော့မည်

1341
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့

အောက်တိုဘာ ၂၅

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရနိုဝင်ဘာလဆန်းပိုင်းတွင်သာ တွေ့ဆုံနိုင်တော့မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့မှ သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့နှင့် အစိုးရဘက်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့သည့် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့တွင်လည်း ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့ကြပြီးနောက် အောက်တိုဘာလအတွင်း သီတင်းကျွတ်နောက်ပိုင်းမှ တွေ့ဆုံရန် သဘောတူခဲ့ကြသော်လည်း နိုဝင်ဘာလ တွင်သာ တွေ့ဆုံနိုင်တော့မည်ဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။

“သီတင်းကျွတ်နောက်ပိုင်းမှာ တွေ့ဆုံဖို့ပြောထားပေမယ့်လည်း NRPC အနေနဲ့ လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ NCA ၄ နှစ်ပြည့်အထိမ်းအမှတ်ကို ခု အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ မှာ တွေ့ဆုံဖို့ရှိတဲ့အတွက်ကြောင့်မို့ ဒီလကတော့ သူတို့အတွက် အချိန်မအားတော့ဘူးဖြစ်သွားလို့ နိုဝင်ဘာ ပထမ အပတ်မဟုတ်ရင် ဒုတိယ အပတ်မှာတွေ့ဖို့ အတွက်ပြောထားတာရှိတယ်”ဟု ဦးလမိုင်ဂွန်ဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ယခုကဲ့သို့ နိုဝင်ဘာလ လဆန်းပိုင်းတွင် တွေ့ဆုံရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကိုလည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

အစိုးရ ဘက်ပိုင်းတွင် NCA နှစ်ပတ်လည်ပွဲ၊ လက်မှတ်ရေးထိုးထားသည့် အဖွဲ့နှင့် ၂၁ ရာစုပင်လုံ ညီလာခံလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် ဆွေးနွေးမှုများ ရှိနေခြင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့များ ပြည်ပလေ့လာရေး ခရီးသွားရန်ရှိခြင်းများကြောင့် အချိန်၊နေ့ရက်များကို ပြန်လည်ညှိနှိုင်းကြမည်ဟု သဘောတူခဲ့ကြကြောင်း စက်တင်ဘာ ၁၇ ရက်နေ့တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲသည် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့၏ လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲတွင် Bilateral အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန် ဆက်လက်ညှိနှိုင်းမည့် အချက်(၇)ချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရအဖွဲ့တို့သည် အပစ်ရပ်စဲရေး ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့၊ ဇွန်လ ၃၀တွင် မိုင်းလားတွင် လည်းကာင်း၊ ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့တွင်နှင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here