နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မဏ္ဍိုင်လေးခုကို အဓိကဦးစားပေး လုပ်ဆောင်သင့်တယ်လို့ ပညာရှင်တွေကဆိုခဲ့ပါတယ်။ အဲ့ဒါတွေကတော့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှု စတာတွေဖြစ်ပြီး ဒီနေ့ NLD အစိုးရရဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမူ ကဏ္ဍကြောင့် ကချင်ပြည်သူတွေကြား ဂယက်ရိုက်ခတ်ခဲ့ပါတယ်။
ဒါကတော့ ဝန်ကြီးသုံးဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့က နုတ်ထွက်စာ တင်ခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍကို အထူးဂရုပြုလုပ်ဆောင်ရမယ့်နေရာတွေမှာ တာဝန်ကြီးသူတွေအဖြစ် အကြမ်းဖျင်း မှတ်ယူလို့ ရပါတယ်။
ဒီ ဝန်ကြီးသုံးဦးကတော့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်း၊ လူမူရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသင်းလွင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီး ဦး H လအောင်တို့ပဲ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးနှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်းနဲ့ ဝန်ကြီးတစ်ဦးကိုတော့ တာဝန်မှရပ်စဲလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တာပါ။
ဒီ ဝန်ကြီးသုံးဦးကိစ္စနဲ့ ပတ်သက်လို့ တချို့က အစိုးရကို ပွင့်လင်းမြင်သာမှုမရှိကြောင်း ဆိုကြပြန်ပါတယ်။ ကချင်ပြည်နယ်အခြေစိုက် ပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတဆိုင်ရာများကို လုပ်ဆောင်နေကြတဲ့ လူမှုအဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့ကနေပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ ဝန်ကြီးတွေကို နုတ်ထွက်စာတင်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့စာတစ်စောင် ပေးပို့ခဲ့ကြပါတယ်။
သတင်းသမားတွေနဲ့တွေ့ပြီး ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖြေကြားရာမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းဆိုတာ Change of Command ဖြစ်ပြီး အဆင့်ဆင့် ကွပ်ကဲညွှန်ကြားတဲ့လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့အလျောက် အထက်ကညွှန်ကြားတဲ့ အတိုင်းလုပ်တာလို့ ဆိုပါတယ်။
ဒါဟာ ကဏ္ဍလေးရပ်ထဲက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ကဏ္ဍကို အဓိက လုပ်ဆောင်လိုက် တာပါ။ “အထက်ကညွှန်လို့”ဆိုတဲ့ စကားရပ်က “ခေါင်းဆောင်”ကို ဆိုတာပါ။ “ခေါင်းဆောင်”နဲ့ “ခေါင်းဆောင်မှု” ဆိုတဲ့စကားရပ်ကို ပညာရှင်တွေ ဆွေးနွေးထားတာက “ခေါင်းဆောင်”သည် မှန်ကန်သည့် ဦးဆောင်မှု၊ အလုပ်နဲ့ဆုံးဖြတ်ချက်ကို ချမှတ်ပေးရသူဖြစ်ပြီး၊ “ခေါင်းဆောင်မှု”ဆိုတာက ရည်မှန်းထားတဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် စီမံခန့်ခွဲခြင်းအတတ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဝန်ကြီးသုံးဦးကို အနားပေးလိုက်တဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်သော “ခေါင်းဆောင်” ရဲ့ ဆုံးဖြတ်ချက် ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အများနိုင်ငံမှာမိမိနိုင်ငံနဲ့ လူမျိုးကောင်းစားရေးအတွက် လုပ်ခလစာနည်းသော်လည်း ပြည်သူကို အလုပ်အကျွေးပြုလိုတာကြောင့် အစိုးရဝန်ထမ်းဘဝကို ဂုဏ်ယူစွာနဲ့ ပေးဆပ်လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေ ဒုနဲ့ဒေးပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံမှာ လူတချို့ဟာ အစိုးရဝန်ထမ်း လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို လွဲမှားစွာ ခံယူနေတာ တွေ့ရပါတယ်။ ဝန်ထမ်းဖြစ်ရလို့ ခံစားရမယ့် အာဏာနဲ့အကျိုးကို သာ မျှော်ကိုးပြီး ပြည်သူ့အကျိုးနဲ့ဝန်ကို ထမ်းဖို့ မေ့လျော့နေကြပါတယ်။
ဆရာအောင်ထွန်းသက် ပြောခဲ့သလိုပါပဲ၊ တကယ်တော့ ဝန်ထမ်းနဲ့ ဝန်ကြီးဆိုတာ ဝန်ကိုထမ်းလို့ ဝန်ထမ်း၊ တာဝန်ကြီးတွေကို ထမ်းရလို့ ဝန်ကြီးလို့ ခေါ်ဝေါ်သမုတ်ထားတာပါ။
ဒါ့ကြောင့် အစိုးရဝန်ထမ်းတိုင်းမှာ ပြည်သူ့ဝန်ထမ်းပြီး ပြည်သူကို ဝတ်ကျွေးပြုဖို့ တာဝန်ရှိပါတယ်။ ဒါကို အများပြည်သူ ဝန်ဆောင်မှု Public Service လို့ ခံယူပြီး အစိုးရဝန်ထမ်းအားလုံး ပြည်သူ့အတွက် မှန်ကန်တဲ့ “ခေါင်းဆောင်မှု”နဲ့အတူမှန်ကန်ဖြောင့်မတ်တဲ့ “ခေါင်းဆောင်” ကောင်းရဲ့ ညွှန်ကြားမှုကို လေးစားလိုက်နာလို့ ပြည်သူ့ဝန်ကိုထမ်းပေးစေလိုကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က တိုက်တွန်းလိုက်ရပါတယ်။





