အာလမ်ကျေးရွာ မြစ်ကြောတစ်လျှောက် ရွှေတူးဖော်နေသည့် ရွှေဆိုင်းများမှ စက်ပစ္စည်းများ စစ်ကောင်စီ သိမ်းဆည်း

414
ာလမ်ကျေးရွာ မြစ်ကြောတစ်လျှောက် ရွှေတူးဖော်နေသည့် ရွှေဆိုင်းများ
မတ် (၂၆)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာ မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေသည့် ပြည်သူများထံ စစ်ကောင်စီတပ်သားများနှင့် ရဲများ ယမန်နေ့က ရောက်ရှိလာပြီး စက်ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သိရသည်။
ရဲနှင့် စစ်သားအယောက်(၂၀)ဝန်းကျင် ရုတ်တရက်ရောက်ရှိလာပြီး ကုမ္ပဏီ ယန္တရားလုပ်ကိုင်သူများနှင့် တစ်နိုင်တပိုင် ရွှေတူးဖော်နေသည့် ရွှေဆိုင်းများမှ စက်ပစ္စည်းများ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မနေ့က(၁၀)နာရီခွဲလောက်ကနေ စပြေးရပြီ။ ညနေပိုင်း (၁)နာရီလောက်မှာ ကားအကြီး(၃)စီး အရင်ရောက်ပြီးတဲ့နောက်(၂၄)ဘီးကား(၃)စီးပြန်ရောက်တယ်။ စက်တွေ အကုန်သိမ်းသွားဖို့ ဖြစ်မယ်။ မနေ့ညကတော့ ကားအကြီးတစ်စီးတော့ စက်တွေတင်ပြီး သွားလိုက်တယ်။ကုန်းကျင်းရော၊ ရေငုပ်ဆိုင်းရောဆိုရင် (၁၀)ခုလောက်တော့ ရှိမယ်။ စက်ဆိုင်းတစ်ခုမှာက လူ(၆)ယောက်လောက်ရှိတယ်။ တစ်နိုင်တပိုင်လုပ်တဲ့ လူတွေရဲ့ စက်ကို လာသိမ်းတာပေါ့။ သူတို့က ကုမ္ပဏီ ယန္တရားလုပ်တဲ့ သူတွေဆီကိုရော သွားတာပေါ့”ဟု ၎င်းက ပြောသည်။

ယမန်နေ့က ရွှေတူးဖော်နေသူများ ထွက်ပြေးချိန်တွင် တစ်ဖက်ကမ်းမှ အာလမ်ကူးတို့ဆိပ်သို့ ဆိုက်ကပ်လာသည့် ခရီးသည်များကိုလည်း ရဲနှင့် စစ်ကောင်စီတပ်သားများက ဒူးထောက်မှောက်ခိုင်းမှုများ ပြုလုပ်နေသည်ကို မြင်တွေ့လိုက်ကြောင်း ဆိုသည်။

လက်ရှိတွင် အာလမ်မြစ်ကမ်းတစ်လျှောက်တွင် ရဲနှင့်စစ်သားများက လုံခြုံရေး အပြည့်ဖြင့် နေရာယူထားပြီး ယင်း‌ နေရာအနီးတွင် ပြည်သူများ ဖြတ်သန်းသွားလာ၍ မရကြောင်း ဖြစ်စဉ်ကို သိရှိသူက ဆက်လက် ဆိုသည်
“မနေ့ညကရော၊ ဒီမနက်ပိုင်းရော သေနတ်ရမ်းပစ်တာတွေ ရှိတယ်။ အနားကပ်လို့တောင် မရဘူး။ သူတို့က (၃)ရက် အစီအစဉ်ရှိတယ် ပြောနေကြတယ်။ ရဲတွေကတော့ အရပ်ဝတ်နဲ့ သေနတ်နဲ့ စစ်သားတွေကတော့ သူတို့ ဝတ်စုံနဲ့ ဟုတ်တယ်။ သူတို့က အဲဒီမှာ စောင့်တဲ့ သူတွေပေါ့။ ဖြတ်သွားလို့တောင် မရတော့ဘူး။ သေနတ်လည်း ပစ်ကြတယ်။ ပစ္စည်း ပြန်လာယူမှာ စိုးလို့ သေနတ်ပစ် ခြိမ်းခြောက်တာနေမှာ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲများက စက်ပစ္စည်းများ ပြန်လာယူမည်စိုး၍ သေနတ်များ ရမ်းသမ်းပစ်ခတ်မှုများ ရှိနေကြောင်းလည်း သိရသည်။

အာလမ်ကျေးရွာသည် မြစ်ကြီးနား-မြစ်ဆုံသွားလမ်းပေါ်တွင် တည်ရှိပြီး မြစ်ကြီးနားမြို့နှင့် (၁၀) မိုင်ကျော် ကွာဝေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here