မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် လူရွေးချယ်ပွဲကြီးဖြစ်သော အမျိုးသားတံခွန်စိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကြီးကို ရန်ကုန်မြို့ ဃြဃ ခန်းမ၌ ဇန်နဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့ရာ ဝိုင်းမော်မြို့မှ ကစားသမားသုံးဦး ရွေးချယ်ခံရကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကြီးတွင် ဝိုင်းမော်မြို့မှ ကစားသမားများဖြစ်သော ဂျေဝါနော်အောင်၊ လထော် ဇော်တောင်၊ ဝင်းရည်နှင်းနှင့်တင့်ညွှန့်ထွန်းတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ကီလို ၈၀ တန်းတွင် ဒုတိယ၊ ကီလို ၇၀ တန်းတွင် တတိယ၊ ၄၅ နှစ်အထက် သက်ကြီးမောင်တွင် ဒုတိယ၊ အရပ်အမြင့် ၁၆၀ စင်တီမီတာအောက် အမျိုးသမီး Model Physique တွင် ဒုတိယနှင့် ပထမဦးဆုံးအကြိမ် ထည့်သွင်း ကျင်းပခဲ့သော အမျိုးသား၊ အမျိုးသမီး စုံတွဲပြိုင်ပွဲ (Mixed Pairs)တွင် ပထမဆုတို့ကို ရရှိခဲ့ကြကြောင်း သိရသည်။
အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကြီးအတွက် လူရွေးချယ်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်များမှ အားကစားသမား အယောက်တစ်ရာခန့်် လာရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံကိုယ်စားပြုအဖြစ် ကချင်ပြည်နယ်မှ ဂျေဝါနော်အောင်၊ လထော်ဇော်တောင်နှင့် ဝတ်ရည်နှင်းတို့ ပဏာမရွေးချယ်ခံရကြောင်း ဂျေဝါနော်အောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“လာပြိုင်တဲ့ သူတွေကအရေအတွက် နည်းတယ်။ ဘာလို့ဆို မြန်မာ့လက်ရွေးစင် ချန်ပီယံဟောင်းတွေက ဆီးဂိမ်းအတွက် လူရွေးတာဖြစ်တဲ့အတွက် ပြင်ဆင်မှုအားနည်းတဲ့သူတွေ သိပ်မလာဘူး။ မြန်မာ့လက်ရွေးစင်လူရွေးပွဲ ဖြစ်တဲ့အတွက်အရမ်းပြင်ဆင်ထားတဲ့ လူတွေချည်းပဲ၊ ဒိတ်ဒိတ်ကျဲတွေချည်းပဲလာတာ”ဟု ဂျေဝါနော်အောင်က ပြောသည်။
၎င်းတို့အနေဖြင့်ပြိုင်ပွဲအတွက် အစားအသောက်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အစရှိသည် တို့ကို ခြောက်လခန့် ကြိုးစားပြင်ဆင်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ကြိုးစားယှဉ်ပြိုင်ခဲ့သောကြောင့် ဆု(၅)ဆု အပြင် အရှေ့တောင်အာရှ ပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံခဲ့ရကြောင်း ဂျေဝါနော်အောင်က ဆက်လက်ပြောသည်။
“လေး၊ ငါး၊ ခြောက်လလောက် ပြင်ဆင်မှုတွေလုပ်ရတယ်။ အစားသောက်ပိုင်းဆိုင်ရာရော အကုန်လုံး။ အဆီတက်မယ့်ဟာတွေ အကုန်ရှောင်ရတယ်။ အသား၊ပရိုတင်းတွေ အများကြီးဖြည့်ရတယ်။ အသားပြုတ်တွေ စားရတယ်။ Training ကို ည၊ မနက်။ ပြင်းပြင်းထန်ထန်ဆော့ရတယ်”ဟု ၎င်းကဆိုသည်။
နိုင်ငံကိုယ်စားပြု ရွေးချယ်ခံရသော ဝိုင်းမော်သူ/သား သုံးဦးတို့သည် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကြီးမတိုင်မီအတွင်း၌အဖွဲ့ချုပ်မှ ၎င်းတို့၏ ခန္ဓာကိုယ်အနေအထားများ၊ ကြွက်သားများ အရည်အသွေးကောင်းမွန်အောင်၊ Body Weight ထိန်းသိမ်းမှုဆိုင်ရာများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုလာမည့် မေလ ၁၆ ရက်နေ့မှ ၂၁ရက်နေ့အထိ ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Ah Je, Benadeth







