ရေပုပ်များကို ရေနုတ်မြောင်းအသစ်မှ ဧရာဝတီမြစ်အတွင်း ဖောက်ချမည့်အစီအစဉ်ကို ပြည်သူများ သဘောမတူ

1311

ဖေဖော်ဝါရီ ၁၀

ဝိုင်းမော်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့က ရေနုတ်မြောင်းအသစ် ဖောက်လုပ်မည့် အစီအစဉ်ကို ဒေသခံပြည်သူများ သဘောမတူညီဘဲ ၀ိုင်းဝန်းကန့်ကွက်နေကြသည်ဟု သိရသည်။

စည်ပင်သာယာရေးအဖွဲ့သည် ၀ိုင်းမော်မြို့နယ်၊ ရပ်ကွက် ၁ ရှိ ပန်းပဲတန်း လမ်းသွယ် ၁၀ တွင် ရေနုတ်မြောင်းအသစ်ကို ဖောက်လုပ်မည်ဖြစ်ပြီး ရေပုပ်များကို ထိုမြောင်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းစွန့်ပစ်မည်ကို ဒေသခံပြည်သူများ သဘောမတူညီကြခြင်းဖြစ်သည်။

ဒေသခံများက ထိုသို့ ရေနုတ်မြောင်းဖောက်လုပ်မည်ကို ၀ိုင်းဝန်းကန့်ကွက်နေရခြင်း၏ အကြောင်းအရင်းမှာ မိုးရာသီအတွင်း ဧရာဝတီမြစ်အတွင်းမှ ရေများသည် အဆိုပါဖောက်လုပ်မည့် ရေနုတ်မြောင်းမှတစ်ဆင့် မြို့ထဲသို့ဝင်လာခြင်းကြောင့် ရေဖုံးလွှမ်းသည့် ပြဿနာအား ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်ကြောင်း ရပ်ကွက် ၁ တွင် နေထိုင်သည့် ဒေါ်နန်းသီက ပြောသည်။

“တစ်မြို့လုံးက ရေပုပ်တွေကို ဒီမြောင်းကနေတစ်ဆင့် ဧရာဝတီမြစ်ထဲ ဖောက်ချမှာတဲ့။ အဲဒါကို အစ်မတို့က လုံးဝလက်မခံနိုင်ဘူး။ အဲဒီက ရလာမယ့် ဘေးထွက်ဆိုးကျိုးက မိုးတွင်းမှာ တစ်မြို့လုံး ရေကြီးမှာ။ သူတို့လုပ်ပေးမယ့် ရေထိန်းတံခါးကလည်း လုံခြုံခိုင်ခန့်မယ်လို့ မပြောနိုင်ဘူးလေ။ ဒီလို လုပ်ပေးပါလို့ လူထုကမတောင်းဆိုဘဲ လာလုပ်တာ။ လုံးဝ သဘောမတူဘူး”ဟု ဒေါ်နန်သီက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုရေနုတ်မြောင်း ဖောက်လုပ်မည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက ကန့်ကွက်နေခြင်းဖြစ်ပြီး ဒေသခံများ၏ အဆိုပါ ကန့်ကွက်နေမှုကို သက်ဆိုင်ရာ အစိုးရဌာနအသီးသီးသို့ စာပေးပို့ခဲ့သော်လည်း ထိုစီမံကိန်းအား ရပ်တန့်လိုက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်လုပ်ခြင်းဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။

အဆိုပါ ရေနုတ်မြောင်းဖောက်လုပ်မှုကို ဒေသခံများ ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ “ဒီမြောင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးက မရှိဘူး။ အခုလို လုပ်ပေးရတာက ပြည်သူတွေရဲ့ လိုအပ်ချက်ကြောင့်ပါ။ ဒီရေနုတ်မြောင်းကြောင့် ပြည်သူတွေအတွက် အန်္တရာယ်မဖြစ်လာနိုင်ပါဘူး။ ဆေးရုံဘက်မှာလည်း ရေနုတ်မြောင်းအဟောင်း ရှိတယ်။ အဲဒါက မစီးတော့ဘူး။ ဒါကြောင့် အသစ်ဖောက်လုပ်တာ”ဟု ၀ိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ရှင်းပြသည်။

ပန်းပဲတန်း လမ်းသွယ် ၁၀ အတွင်း စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်နေသည့် ထိုရေနုတ်မြောင်းဖောက်လုပ်မှုကို ကန့်ကွက်သည့်အနေဖြင့်ဒေသခံပြည်သူများက လုပ်ငန်းခွင်အတွင်း သွားရောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လုပ်ငန်းခွင်မှ တာဝန်ရှိသူများက ထိုစီမံကိန်းသည် အထက်အမိန့်အရ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြောဆိုရှင်းပြခဲ့ကြောင်း သိရသည်။

“ရေပုပ်တွေကို မြစ်ဆိပ်ထဲဖောက်ချလိုက်မယ်ဆို ကျွန်မတို့ ဘယ်ကရေကို သွားသောက်ရမလဲ။ ကျွန်မတို့က ဒီရေကိုပဲ ချိုးပြီး ဒီရေကိုပဲသောက်တာလေ။ အခုတော့ ရေပုပ်တွေကို မြစ်ထဲ ဖောက်ချမယ်ဆိုတော့ မြစ်အောက်ဘက်မှာနေတဲ့သူတွေက ပိုတောင်ဆိုးသွားဦးမယ်”ဟု ဒေသခံ ဒေါ်အေးသန်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုရေနုတ်မြောင်းအသစ် ဖောက်လုပ်မှုကို ပန်းပဲတန်းရပ်ကွက်နှင့် သိမ်ကြီးစုရပ်ကွက်တို့တွင်နေထိုင်သည့် ဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပြင် ၀ိုင်းမော်မြို့နယ်  စည်ပင်သာယာရေးရုံးသို့ စာတင်ပြခဲ့ကြောင်း သိရသည်။

ထိုကန့်ကွက်စာတွင် ၀ိုင်းမော်မြို့အတွင်း ရေနုတ်မြောင်း အသစ်ဖောက်လုပ်ခြင်းကြောင့် မြစ်ရေတိုက်ရိုက် စီးဝင်လာကာ မြို့အတွင်းရေနစ်မြုပ်မှု မြန်ဆန်စွာဖြစ်ပေါ်လာနိုင်ကြောင်း၊ ဧရာဝတီမြစ်ကို မှီခိုနေလျက်ရှိသော ပန်းပဲတန်းရပ်ကွက်၊ သိမ်ကြီးစုရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်မှ ဒေသခံများအတွက် သောက်ရေသုံးရေ အခက်တွေ့မှုကို ကြုံတွေ့ရနိုင်ကြောင်း၊ အသစ်ဖောက်လုပ်မည့် ရေနုတ်မြောင်းသည် အမှတ် ၄ အခြေခံပညာ မူလတန်းကျောင်းနှင့် အလွန်နီးသောကြောင့် ကျောင်းနေကလေးများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း စသည်တို့ ပါဝင်သည်ဟု သိရသည်။

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here