ဇူလိုင် ၂၇၊ မြစ်ကြီးနား
နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ် ပြည့်ပြီး ပထမဦးဆုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကချင်ပြည်နယ်တွင် (၁) သိန်း (၂)သောင်းဝန်းကျင် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်ထံမှ သိရသည်။
“ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ(၉)ရက်ကနေ (၁၈)နှစ်ပြည့်တဲ့ လူတွေက အခုချိန်ထိ ပထမဦးဆုံး မဲပေးပိုင်ခွင့်ရှိတဲ့ လူတွေက (၁)သိန်း(၂) သောင်းခန့် ရှိတယ်”ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ပထမဦးဆုံး မဲပေးခွင့်ရရှိမည့် သူများအနေဖြင့် မိမိတို့ပေးရမည့်မဲကို အဆုံးရှုံးမခံဘဲ တိုင်းပြည် အကျိုးကို သယ်ပိုးမည့် ကိုယ်စားလှယ်လောင်းများကို စနစ်တကျမဲပေးကြရန် ဦးထွန်းအောင်ခိုင်က တိုက်တွန်းပြောဆိုထားသည်။
“ပထမဦးဆုံး မိမိရဲ့သက်တမ်းမှာ ပထမဦးဆုံး အသက်ပြည့်လို့ ပေးရမယ့် မဲပေါ့။ အသဲကြားက မဲတစ်ပြား။ မိမိရဲ့ ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတစ်ခု။ ဒါကို လက်လွှတ်ဆုံးရှုံးမခံဘဲနဲ့ မိမိနှစ်သက်တဲ့၊ မိမိအကျိုး၊ ဒေသအကျိုး၊ တိုင်းပြည်အကျိုး၊ ရပ်ရွာအကျိုးကို သယ်ပိုးမယ့် မိမိတို့ ကိုယ်စား ကိုယ်စားလှယ်လောင်းတွေကို မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရတဲ့ အခွင့်အရေးကို ဆုံးရှုံးမခံဘဲနဲ့ မဲပေးကြပါ”ဟု ၎င်းက ဆိုသည်။
ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရရှိမည့် ဖားကန့်မြို့နယ်မှ လူငယ်တစ်ဦးဖြစ်သည့် မဆိုင်းမွန်းကလည်း မဲပေးခွင့်နှင့် ပတ်သက်ပြီး ယခုလိုရှင်းပြ ပြောဆိုသည်။
“အခုချိန် ပါတီတွေက တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင် လုပ်နေကြတဲ့ အချိန်မှာ ကိုယ့်ဘက်ကရော ဘယ်ဟာ ကောင်းမကောင်း ကိုယ့်အတွက်ရော၊ ကိုယ့်လူမျိုးအတွက်ရော တကယ်ကောင်းတဲ့ ပါတီကိုတော့ ရင်ခုန်မိတယ်။ ဘယ်သူတွေများ နိုင်မလဲပေါ့။ ကိုယ်ကလည်း တတ်နိုင်သလောက်တော့ ခုချိန် လေ့လာနေတယ်”ဟု မဆိုင်းမွန်းက ပြောသည်
ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်းဦးရေ (၁၁)သိန်းနီးပါး ရှိသည့်အနက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းဝန်းကျင် ပါဝင်နေခြင်း ဖြစ်သည်။
Benadeth







