Covid-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက်အမေရိကန်အစိုးရမှ ဒေါ်လာ (၁၈) သန်းကျော်လှူဒါန်း

618

မြစ်ကြီးနား၊ ဇူလိုင် ၂၃

သန်းနှင့်ချီသော မြန်မာပြည်သူများ covid-19 တုံ့ပြန်ဆောင်ရွက်ရေး အတွက် အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဗဟို (စီဒီစီ) ကတစ်ဆင့် အမေရိကန်အစိုးရက နောက်ထပ် အကူအညီဖြစ်ရေး ဒေါ်လာ (၁ ဒသမ ၉၅)သန်းကို ဇူလိုင်လ (၂၂ )ရက်နေ့က မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီကတစ်ဆင့် သန်းနှင့်ချီသော မြန်မာပြည်သူများအနေဖြင့် covid-19 ကူးစက်မှုကို လျှော့ချနိုင် (သို့မဟုတ်) ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ကျွန်တော် ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။ ဒီ အကူအညီဟာ မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍအတွက် ထားရှိထားတဲ့ ရေရှည်ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်”ဟု သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ၏ ပြောကြားချက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ covid ၁၉ တုံ့ပြန်ဆောင်ရွက်ရေး အတွက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံကို ပေးအပ်ခဲ့တဲ့ ငွေစုစုပေါင်း ဒေါ်လာ(၁၈ ဒသမ ၅)သန်း ရှိပြီဖြစ်ဖြစ်ကြောင်း ဂျော့ချ်ဆစ်ဘလီက ပြောကြားခဲ့သည်။

ရန်ပုံငွေအသစ်သည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီခေါ် ယူအက်စ်အေ့ဒ်၏ ဒေါ်လာ(၁၄ ဒသမ ၃)သန်း အပါအဝင် အမေရိကန်အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုရန်ပုံငွေ ဒေါ်လာ (၁၆ ဒသမ ၅) သန်းအပေါ် ထပ်မံအားဖြည့်ခြင်းဖြစ်ကာ အထူးသဖြင့် covid-19 ကပ်ဘေးကာလ အတွင်း မြန်မာပြည်သူများအတွက် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး အမေရိကန်အကူအညီမှ သန်းနဲ့ချီသည့် မြန်မာပြည်သူတွေ အတွက် တိုက်ရိုက် အကျိုးရှိစေကြောင်း၊ ယင်း အကူအညီမှ စစ်ရှောင်စခန်းများက ချို့တဲ့သူများ၊ ထိခိုက်ခံစားရလွယ်သည့်သူများ၊ ပြည်တွင်းနေရပ်စွန့်ခွာနေရသူများ၊ တိုင်းရင်းသားပြည်သူများ၊ ပဋိပက္ခ ဘေးသင့်အရပ်က ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊ ရေနှင့်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ၊ လူမှုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ရောက်ရှိစေရန် အထူးအာရုံစိုက်ကြောင်း ယူအက်စ်အေ့ဒ်၏ ဌာနညွှန်ကြားရေးမှူး ထရီဆာမက်ဂီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု အတွက်ပေးအပ်သည့် ဒေါ်လာ (၁ ဒသမ ၉၅) သန်းရန်ပုံငွေအသစ်နှင် စပ်လျဉ်း၍ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဗဟို၏ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာမီတရှ်ဒေဆိုင်းက “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ကွင်းဆင်းရှာဖွေထိန်းချုပ်ခြင်း အစီအစဉ်နဲ့ ရောဂါစောင့်ကြည့်တာနဲ့ ခြေရာခံတာတွေမှာ ကျန်းမာရေးလုပ်သားတွေရဲ့ လုပ်ဆောင်မှုတွေ ပိုပြီး အားကောင်းလာစေဖို့အတွက် (စီဒီစီ)ကဆက်ပြီး ကူညီသွားမှာ ဖြစ်ပါတယ်။ ဒီ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး ကဏ္ဍတိုးတက်ဖို့နဲ့ ကောင်းကျိုးသုခတွေအတွက် အကူအညီပေးဖို့ (စီဒီစီ)က ဆက်လက်ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေကို ထပ်ပြီး အားဖြည့်တာ ဖြစ်ပါတယ်”ဟု ပြောကြားထားသည်။

ယူအက်စ်အေ့ဒ်နှင့် (စီဒီစီ)တို့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://www.usaid.gov/coronavirus-covid-19 တွင် ကြည့်ရှုနိုင်ပါသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here