ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာတော့ ထူးခြားတဲ့ အစီရင်ခံစာ အဆိုတွေနဲ့ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေး (ပထမနေ့)မှာတော့ ပြည်နယ်စာရင်းစစ်ချုပ်ဦးတင်လှိုင် တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ကြည့်ရင်တော့ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အလွဲအမှားတွေကို တွေ့ရပါတယ်။ အသေးစိတ်ကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ အတွဲ(၆) အမှတ်(၅)ရဲ့ မျက်နှာဖုံးသတင်းမှာ ဖော်ပြပြီးပါပြီ။
ထူးခြားချက် တစ်ခုကတော့ ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်လို့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးဋ္ဌာနကို ဝန်ကြီးဋ္ဌာနနှစ်ခု ခွဲပြီးတော့ ပြောင်းလဲ မဖွဲ့စည်းနိုင်ပေမယ့် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးရက်မှာတော့ “နိုင်ငံတော်သမ္မတက နိုင်ငံတော်နှင့်ပြည်နယ်၏ အကျိုးစီးပွားအတွက် မဖြစ်မနေဆောင်ရွက်ရန်လိုအပ်သည်”လိ့ု ထပ်မံညွှန်ကြားလာတာကြောင့် ဝန်ကြီးဋ္ဌာနနှစ်ခု ပြန်လည်ဖွဲ့စည်းဖို့ လွှတ်တော်က သဘောတူခဲ့ပါတယ်။
ဒီဝန်ကြီးဌာနနှစ်ခု ပြန်လည်ဖွဲ့စည်းဖို့ နောင်မွန်းမဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်နဲ့ အင်ဂျန်းယန်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဂျာဆိုင်းခေါန် တို့နှစ်ဦးက ဥပဒေ၏ လုပ်ထုံးလုပ်နည်းအတိုင်း သွားဖို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ပြည်နယ်လွှတ်တော်အနေနဲ့ မှတ်တမ်းတင် အဖြစ်သာ ထားရှိခဲ့ပါတယ်။ ကချင်ပြည်နယ် အတွင်းမှာ တရားမဝင် ရွှေတူးဖော်မှုတွေ၊ ကျောက်စိမ်း တရားမဝင် လမ်းကြောင်းကနေ ထွက်သွားတာတွေ၊ တစ်သျှူးငှက်ပျောကိစ္စတွေ၊ မြေရှားလို့ခေါ်တဲ့ သတ္တုလုပ်တာတွေဟာ ပြည်နယ်အစိုးရရှင်းရမယ့် အရေးကိစ္စတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီတစ်ခေါက် လွှတ်တော်မှာ မေးခွန်းမေးမြန်းတာတွေ မတွေ့ခဲ့ရပါဘူး။
အစည်းအဝေး တတိယနေ့က တစ်သျှူးငှက်ပျောကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွှေကူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက “ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသော တရုတ် တစ်သျှူးငှက်ပျောကိစ္စနှင့်ပတ်သက်၍ တရုတ်တွဲကားကြီးများ လွတ်လပ်စွာ ဝင်ထွက်ခွင့် ဆက်လက် ပေးနေမည်ဆိုပါက ကချင်ပြည်နယ်၏ ဘဏ္ဍာငွေတိုးတာက အတော်အတန်၊ ပြန်ပေးဆပ်ရတာက လမ်းတံတားပျက်ဆီးမှု သာမကသယံဇာတနှင့် မြေ၊ လူကိုပါယူသည် ဖြစ်နေသည့်အတွက် ဝင်ငွေ၊ထွက်ငွေ မျှတမှု မရှိနိုင်သော ၎င်းတွဲကားကြီးများ နံပါတ်ပိတ်၍ ကချင်ပြည်နယ်တွင် လွတ်လပ်စွာ သွားလာနေမှုများကို ကချင်ပြည်နယ် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ တရားဝင်ပိတ်သိမ်းပြီး နယ်စပ်ဂိတ်တွင်သာ ကုန်ပစ္စည်း အချိန်းအပြောင်း ပြုလုပ်ပေးပါရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကိုလည်း ဦးတင်ဦးယု ကိုယ်တိုင် ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်းပြီးဖြစ်သောကြောင့် အဆိုကို ပြန်လည်ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း၊ ညှိနှိုင်းမှုနှင့် ကိုက်ညီမှုမရှိပါက အထက်ပါအဆိုကို ပြန်လည်တင်သွင်းသွားမည်ဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားပေးခဲ့ပါတယ်။
လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းတွေမှာ ကျေးရွာလမ်းများဆောက်လုပ်ရန် အစီအစဉ်ရှိမရှိ၊ ရေရရှိရေး၊ အခြေခံကျောင်းများ အဆင့်တိုးမြှင့်ရန်အစီအစဉ် ရှိမရှိစတဲ့ မေးခွန်းတွေသာ အမေးများခဲ့ပါတယ်။
ဒီမေးခွန်းတွေအပေါ်မှာလည်း သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေက ပြန်လည်ဖြေကြားပေးခဲ့ရာမှာတော့ “ပိုလျှံရန်ပုံငွေ ရရှိလျှင်သော်လည်းကောင်း၊ ရန်ပုံငွေတောင်းခံပြီး ရရှိသည့်အပေါ် မူတည်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” စသဖြင့်သာ ပြန်လည်ဖြေကြားခဲ့တာတွေကိုလည်း တွေ့ရှိရပါတယ်။
“အပြည့်အဝတော့ အားရမှု မရှိပါဘူး။ လုပ်ရိုးလုပ်စဉ်၊ ဖြေရိုးဖြေစဉ်အတိုင်း ပါပဲ။ ဘဏ္ဍာရေး အခက်အခဲပေါ့။ တိကျမှုတော့ အားနည်းတာပေါ့”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ ဖြေကြားချက်တွေအပေါ် ပြောဆိုခဲ့တာပါ။
လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့သူတွေကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့မေးမြန်းတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်ရာက ပြန်ဖြေတဲ့အဖြေတွေက တော်တော်လေး ယေဘုယျဆန်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
“အချက်အလက် အတိအကျနဲ့ မေးတာဖြေတာတွေ မတွေ့ရဘူး။ ငါ့မြို့နယ်ရရင်ပြီးရောဆိုပြီး ပြောတာပဲတွေ့တယ်။ ရန်ပုံငွေရရှိရင် လုပ်ပေးမယ်။ အချိန်ဘယ်လောက်ကုန်မှာလဲ။ ဘယ်နေရာမှာ ဘယ်လောက်ကုန်မှာလဲဆိုတဲ့ တိကျတဲ့အချက်အလက်တွေ ဖြေတာမတွေ့ရဘူး”ဟု လွှတ်တော်မှာ ၆ ရက်လုံးလုံး လေ့လာစောင့်ကြည့်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ကိုကျော်ကျော်ဦးက ပြောပါတယ်။
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်းပေါင်း ၇၅ ခုကို သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပြီးတော့ ဝန်ကြီးဋ္ဌာနတွေက ပြန်လည်ဖြေဆိုပေးခဲ့ကြပါတယ်။
မေးခွန်းတွေက အရင်ပုံမှန်အစည်းအဝေးတုန်းကလို မေးခွန်းတွေပဲဖြစ်ပေမယ့် ပြည်နယ်စာရင်းစစ် ချုပ် တင်သွင်းတဲ့ အစီရင်ခံစာတွေ၊ ဝန်ကြီးဋ္ဌာန ပြောင်းလဲဖွဲ့စည်းတာတွေ၊ ကချင်ပြည်နယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်ပေးအပ်တာတွေနဲ့ အရေးပေါ်အစည်းအဝေးတုန်းက ဝန်ကြီး သုံးပါး အပြောင်းအလဲ ပြုလုပ်ခဲ့တာတွေက ကချင် ပြည်နယ်သူ/သားတွေအတွက် အံ့အားသင့်စရာတွေ ဖြစ်ခဲ့ပါတယ်။
အစိုးရသက်တမ်းကုန်ဖို့၂ နှစ်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ ပြည်နယ်အတွက် ဘယ်လို အရေးပါတဲ့ ကြယ်ပွင့်ပြမေးခွန်းတွေ၊ အဆိုတွေကို တင်သွင်းသွားဦးမလဲ။ လွှတ်တော်ရဲ့ ကတိကဝတ် တွေကို ဘယ်လောက်ထိ အကာင်အထည်ဖော် ဆောင်ရွက်နိုင်ပြီလဲဆိုတာ လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ စောင့်ကြည့်ရဦးမှာပါ။
ပြည်နယ်အစိုးရအနေနဲ့လည်း စာရင်းစစ်ချုပ် တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာလည်း အများပြည်သူသိအောင် ချပြစေလိုပါတယ်။
မည်သို့ပင် ဆိုစေကာမူ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးသွားခဲ့ပါပြီ။ ၁၅ ကြိမ်မြောက် အစည်းအဝေးကိုတော့ ဧပြီလတတိယအပတ်လောက်မှာ ကျင်းပဖွယ် ရှိနေပါတယ်။
စည်သူ(မြစ်ကြီးနား)







