ဖေဖော်ဝါရီ ၁၅
ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးအား အယုံအကြည်မရှိဟုဆိုကာ ဖားကန့်ဒေသခံ ၁၇ ဦး တို့က မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့သည်။
“ကုမ္ပဏီလည်း ပြည်သူပါပဲဟုပြောသည့် ဖားကန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အလိုမရှိ”ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြစ်ကြီးနားမြို့ တရားရုံးမီးပွိုင့်လမ်းဆုံမှ ပြည်သူ့အားကစားကွင်းရှေ့ အထိ လှည့်လည် ဆန္ဒပြခဲ့ကြသည်။
“ပြဿနာ ဖြစ်တဲ့အခါမှာလည်း ပြည်သူဘက်ကို ရပ်တည်တာ မတွေ့ရဘူး။ ကုမ္ပဏီဘက်က ရပ်တည်တယ်။ လုံးခင်းအောက်ချိုင့် ဂန္တဝင်ရပ်ကွက် ရေမြှုပ်ခံရတဲ့ ကိစ္စမှာလည်း ကုမ္ပဏီရဲ့မတရားမှုကို သူမသိချင်ယောင် ဆောင်ထားတယ်။ ပြည်သူတွေကိုကျတော့ အပြစ်ပြောတယ်။ ဒါ ကုမ္ပဏီဘက်ကို ကာဗာပေးတယ်လို့ သဘော သက်ရောက်ပါတယ်”ဟု ဆန္ဒပြဦးဆောင်သူ ဦးထွန်းထွန်းက ပြောသည်။
ယင်းအပြင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီနှင့်အလုပ်သမားများ လုပ်ခလစာများ အငြင်းပွားရာတွင် ကုမ္ပဏီဘက်မှ ရပ်တည်သူဖြစ်သည်ဟု ဦးထွန်းထွန်းက ပြောဆိုသည်။
ဆန္ဒထုတ်ဖော်မှု အပေါ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ခွင့်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အခန်းကဏ္ဍအနေဖြင့် ဆုံးဖြတ်ချက်ချ၍ မရကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့ကသာ ကိစ္စတစ်ခုပေါ်တွင် အဆုံးအဖြတ်ပေးနိုင်ကြောင်း၊ လုပ်ခလစာ အရေးနှင့် ပတ်သက်၍လည်း ညှိနှိုင်းပေးရုံသာ လုပ်ဆောင်ပေးခဲ့ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“လွှတ်တော် ကိုယ်စားလှယ်ဆိုတာက အဓိကကတော့ ဥပဒေပြုရေး တာဝန်ပဲ။ ပြည်သူတွေက ရွေးကောက်ထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ဖြစ်လာတဲ့ ပြဿနာတွေမှာ ကျွန်တော်တို့ ကြားကနေ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးတယ်။ ကျွန်တော်တို့က အစိုးရအဖွဲ့မဟုတ်တဲ့အခါကျတော့ ဘယ်လိုလုပ်ပေးလိုက်ပါလို့ ပြောဖို့ ကျွန်တော်တို့မှာ တာဝန်မရှိဘူး”ဟု ဦးတင့်စိုးက ပြန်လည်ရှင်းပြသည်။
“ကုမ္ပဏီလည်း ပြည်သူပါပဲ”ဟူသော စကားရပ်ကို မိမိအနေဖြင့် တာဝန်ယူကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က လက်လုပ်ကျင်း သံတိုင်ဖြင့် တူးခဲ့ကြသည့် အခြေခံလူတန်းများမှာ ယခုအချိန်တွင် ကုမ္ပဏီပိုင်ရှင်များ ဖြစ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီသည်လည်း ပြည်သူဖြစ်နိုင်ကြောင်း ဆက်လက်ပြောဆိုသည်။
ဆန္ဒပြဦးဆောင်သူ ဦးထွန်းထွန်းသည် မြစ်ကြီးနားသို့ ဆန္ဒလာရောက်ဖော်ထုတ်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ၂၀၁၈ ဧပြီလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု အမှတ်(၅) အောက်ချိုင့်ရပ်ကွက်ရှိ အိမ်ခြေသုံးဆယ်၏ မြေနေရာအား ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နှစ်ခုမှ လျော်ကြေးမပေးဘဲ လုပ်ကွက်ဆွဲခဲ့သည်ဟု ဆိုကာ မြစ်ကြီးနားတွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
စည်သူ(မြစ်ကြီးနား)







