ကောင်းခါးကျေးရွာနေပြည်သူများမှ မကြောက်ရွံ့ဘဲ အမှန်တရား ဖြေဆိုပေးမှသာကချင်ဆရာမနှစ်ဦး၏ အမှုမှန် ပေါ်နိုင်မည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်ပြော

2911
ကောင်းခါး ဆရာမ

ဇန်နဝါရီ ၂၇

အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရသည့် ကချင်နှစ်ခြင်း သာသနာ့ ပညာရေးဝန်ထမ်း ဆရာမ၂ ဦးကိစ္စနှင့် ပတ်သက်ပြီး အမှုအမှန်ပေါ်ပေါက်ရေးအတွက် အခင်းဖြစ်ပွားခဲ့သည့် ကျေးရွာနေ ပြည်သူများ အမှန်တရားကို ဖွင့်ပြောရန် လိုအပ်ကြောင်းကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

ကျေးရွာနေပြည်သူများအနေဖြင့် ကြောက်ရွံ့စိတ်မရှိဘဲ မိမိတို့ သိရှိထားသမျှကို ဖြစ်ကြောင်း ကုန်စင်နှင့် အမှန်တရားကို ဖွင့်ပြောပေးမှသာ အချိန်မကြာဘဲ အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ဆိုသည်။

“ကြောက်စိတ်တွေ တအားများနေတော့ သူတို့ အဖြစ်မှန်ကို မပြောပြရဲဘူး။ အခု ကျွန်တော်တို့က ဒီကောင်းခါးရွာက အထူးသဖြင့် အုပ်ချုပ်ရေးမှူးတို့၊ ရွာသူ/သားတွေ အားလုံးပေါ့ဗျာ။ လုံးဝသူတို့ အဖြစ်မှန်ကို မပြောရဲဘူးဖြစ်နေတယ်။ ဆိုတော့ ဘာမှ လုပ်လို့မရဘူး”ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

ဆရာမနှစ်ဦး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရသည်မှာ (၅)နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်နိုင်ခြင်းမရှိသေးသည့် အပေါ် ကောင်းခါးနေ ရွာသူ/သားများ အဖြစ်မှန်ပြောပြလာလျှင် တရားစွဲဆိုမှုများ ဆက်လက်လုပ်ဆောင်လာနိုင်မည် ဖြစ်သဖြင့် ၎င်းတို့ကို တွန်းအားပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆရာမနှစ်ဦး သတ်ဖြတ်ခံရခြင်း (၅)နှစ်ပြည့် ဆုတောင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။

ယင်းအပြင် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီ (Kachin Lawyers Network (Shan State))က ဆက်လက်လုပ်ဆောင်နေပြီး၊ လက်ရှိ အခြေအနေအထိ တိုးတက်မှုမရှိသေးသော်လည်း အမှုမှန်ပေါ်ပေါက်အောင် ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်ရှိပြီ။ ကျွန်တော်တို့ လားရှိုးမှာ၊ စစ်တပ်မှာ၊ စစ်ကြောင်းမှူးနဲ့ ကျွန်တော်တို့ ပြောဆိုမှုလုပ်တဲ့အဆင့်ကနေ ဒီဘက်ပိုင်းမှာ ဆက်ပြီးမှ တိုးတက်မှုတော့ မရှိတော့ဘူးပေါ့။ အဲ့ဒီမှာက စစ်ကြောင်းမှူးကို ကျွန်တော်တို့ ရှေ့နေတွေက တိုက်ရိုက် မေးချင်ပေမယ့်မေးခွင့်မရခဲ့ဘူး။ တစ်ဆင့်မေးဖို့ လုပ်တာတော့ ရှေ့နေတွေက အဲ့ဒါကို သူတို့ ပယ်ဖျက်လိုက်တယ်”ဟု ဒေါက်တာခလမ်ဆမ်ဆွန်မှ ဆက်လက်ပြောကြားသည်။

၅နှစ်ပြည့်သည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသဖြင့် မိခင်တစ်ဦးအနေဖြင့် ဝမ်းနည်းမိကြောင်းနှင့် မကြာမီအချိန် အမှုမှန် ပေါ်ပေါက်လာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးမှ ဝိုင်းဝန်းလုပ်ဆောင်ပေးရန် တောင်းဆိုလိုကြောင်း သေဆုံးခဲ့ရသည့် ဆရာမ ခေါန်နန်စင်၏ မိခင်ဒေါ်လုဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်မ စိတ်ထဲမှာတော့ မနေ့က ဖြစ်သလိုပါပဲ ခံစားရပါတယ်။ အားလုံးကပဲ ဝိုင်းဝန်းပြီး အမှန်တရားပေါ်ပေါက်အောင် လုပ်ဆောင်ပေးပါလို့ပဲ ပြောချင်ပါတယ်”ဟု ဒေါ်လုဘူက ပြောသည်။

အမှုမှန် ပေါ်ပေါက်နိုင်ခြင်း မရှိသေးသည့်အပေါ် သေဆုံးခဲ့ရသည့် ဆရာမမရန်လုရာ၏ အစ်မဖြစ်သူ ဒေါ်ဆန်လုံကလည်း ညီအစ်မနှစ်ယောက် ရှိသည့်အတွက် ညီမလေး မရှိတော့သဖြင့် အထီးကျန်နေကြောင်း၊ အမှုမှန်ပေါ်ပေါက်ရန်အတွက်လည်း သက်ဆိုင်ရာ အရပ်ရပ်ကိုလည်း အနူးအညွတ်တောင်းဆို အသနားခံလိုကြောင်းလည်းဖြေကြားခဲ့သည်။

ဆရာမနှစ်ဦးဖြစ်သည့် ဆရာမ မရန်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်နန်စင်တို့သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ၁၉ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းဝင်း အတွင်းတွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရပြီး ဆရာမမရန်လုရာ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ချက်၄၁ချက်နှင့် ဆရာမ တန်ဘောင်ခေါန်နန်စင်တွင် ၃၇ ချက် ဓားဖြင့်ထိုးသွင်းခံခဲ့ရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here