နှစ်သစ်ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်

843

ပထမဦးဆုံးအနေနဲ့ မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးကို နှစ်သစ်မှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာရှိပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပဋိပက္ခကိုယ်စီရှိကြပါတယ်။ သဘာဝသယံဇာတ ပေါကြွယ်ဝတာတွေ၊ နိုင်ငံတွင်း ဆင်းရဲမှုတွေ၊ လူမျိုးကြီးဝါဒ သုံးစွဲတာတွေက ပဋိပက္ခကိုဖြစ်စေတဲ့ အကြောင်းလို့ သတ်မှတ်ရမှာပါ။
ကျွန်တော်တို့နိုင်မှာတော့ များပြားလှတဲ့ ပြဿနာတွေ ဒုနဲ့ဒေးပါပဲ။ အဓိကကတော့ အခုချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးဟာ ေ၀ဝါးနေဆဲဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ လောက် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးကြီး ငြိမ်းဖို့ဆိုတာကတော့ လက်ရှိအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို စောင့်ကြည့်ရမှာပါ။
လွတ်လပ်ရေးဖခင်လို့ဆိုနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တောင်တန်းနဲ့ပြည်မကို “ပြည်ထောင်စု” အဖြစ် တစ်ပေါင်းတစ်စည်းတည်း အုပ်ချုပ်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ အခြေခံမူ ၁၅ ချက်အတိုင်း မလိုက်နာခဲ့ရာတာကနေ တိုင်းရင်းသားတွေ လိုချင်တောင့်တနေနဲ့ “ပင်လုံသဘောတူညီချက် ဖက်ဒရယ်မူ” ပျောက်ဆုံးခဲ့တာ ယခု အချိန်အထိ ပါပဲ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်နေ့မှာ လာရောက်ခဲ့တုန်းက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ဥက္ကဋ္ဌ ခလမ်ဆမ်ဆွန်က ဖက်ဒရယ်မူကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအချက်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ။
ကေအိုင်အေ ပါဝင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်လေးဖွဲ့နဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ၄ ကြိမ်ရှိနေခဲ့ပါပြီ။ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကတော့ အစိုးရနဲ့ ၂၀၁၉ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။ ဒီမှာတော့ ငြူအေမနေူ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖိုနဲ့ အချက် ၇ ချက်ကို သဘောတူ ဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြတာပါ။ နောက်ထပ်ဆွေးနွေးနိုင်ဖို့ နေရာ၊ အချိန် ညှိနှိုင်းနေရင်းကပဲ အခုထိ မဆွေးနွေးဖြစ်သေးပါဘူး။
တပ်မတော်နဲ့ ကေအိုင်အေတို့ တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားတာ ၈ နှစ်ကျော်လွန်လာခဲ့ပါပြီ။ တိုက်ပွဲအရေအတွက်ကလည်း မနည်းတော့ပါဘူး။ ၂၀၁၉ ခုနှစ်အတွင်းမှာ တပ်မတော်နဲ့ ကေအိုင်အေတို့အကြား လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ မိုင်းခွဲမှုနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ၅၂ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။
ပြည်သူ ရွေးချယ်တင်မြောက်ထားတဲ့ ကျွန်တော်တို့ရဲ့ အစိုးရဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့အတူ ငြိမ်းချမ်းရေးကို ဦးတည် လျှောက်လှမ်းနေပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ရမှာပါ။ ဒါမှပဲ ငြိမ်းချမ်းရေးရဲ့ အရသာ၊ အသီးအပွင့်တွေကို ထပ်တူထပ်မျှ ခံစားကြရမှာဖြစ်ပါတယ်။ တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသူ/သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ချမ်းသာပြီးစစ်ဘေးရှောင်ဘဝတွေကလည်း လွတ်မြောက် မှာပါ။
နိုင်ငံတော်အတိုင်ပင်ခံက ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ “ပင်လုံအစ ကချင်က”လို့ ပြောဆိုခဲ့ပါတယ်။ နောင်မှာလည်း “ငြိမ်ချမ်းရေးအစ ကချင်က”လို့ သမိုင်းတွင်နိုင်အောင် ပြည်နယ်သူ/ သားအားလုံးကနေ ဝိုင်းဝန်းကြိုးပမ်းပြီး “ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်”ဆီသို့ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here