တရားမဝင်ကျွန်းတံခါးနှင့် ကျွန်းပျဉ်ဆိုဒ်စုံများကို စပါးခွံအိတ်များနှင့် ဖုံးဝှက်၍ သယ်ဆောင် လာသော ၆ဘီး ကားနှစ်စီးကို မိုးကောင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၃ရက်နေ့တွင် ဖမ်းဆီးလိုက် ကြောင်းသိရသည်။
မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်မောင်ထွေးဦးဆောင်သော နယ် ထိန်းအဖွဲ့ဝင်များနှင့် သက်သေအဖြစ် အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် သတင်းအရ ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတွင် စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်သို့ မောင်းနင် လာသော ကားနှစ်စီးကို မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ပန်းခရေ စားသောက်ဆိုင်အနီး၌ စစ် ဆေးခဲ့ရာ စပါးခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျွန်းပျဉ်များကို တွေ့ရှိခဲ့ကြာင်းသိရသည်။

သယ်ဆောင်လာသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှ ပဲခူးကျေးရွာနေ အသက် ၄၁ နှစ်ရှိ ယာဉ်မောင်း ကိုမင်းဇော်ဦး 4K – 4099, DONGFENG အမျိုး အစား အနီရောင် ခြောက်ဘီးကားတစ်စီးနှင့် ယာဉ်မောင်း ဇော်ဝင်းအောင် မောင်းနင်လာပြီး မြစ်ကြီးနားမြို့ ဇီးလွန် ရပ် ကွက်နေ အသက်၃၇နှစ်ရှိ ယာဉ်ပိုင်ရှင် အောင်သက်ဦး လိုက်ပါလာသော 4N-6553/ FORLAND အမျိုးအစား အဖြူရောင် ခြောက်ဘီးကားတို့ကို မိုးကောင်းမြို့အဝင် ကျွန်းတောရပ်ကွက်ကွက် ၂ မိုင်မောင်းတံဂိတ်အနီးရှိ ပန်းခရေစားသောက်ဆိုင်ရှေ့တွင် ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ စပါးခွံအိတ်များ အောက်၌ ကျွန်းတံခါးနှင့်ကျွန်းပျဉ်ဆိုဒ်စုံကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မင်းဇော်ဦး မောင်းလာသော ကားပေါ်မှ ကျွန်းတံခါး ဘောင်ဆိုဒ်စုံ ၇၆ ချပ်၊ (တန်ချိန် ၃ ဒသမ ၀၁၄၄)တန် ကာလတန်ဖိုး ၁၅သိန်းကျော်၊ ကျွန်းခွဲသားဆိုဒ်စံ ု၅၁ ချောင်း (တန်ချိန် ၀ ဒသမ ၇၈၂၈ တန်)၊ကာလန်ဖိုး ကျပ် လေးသိန်းနီးပါးခန့်၊ဖြစ်ကြောင်းသိရပြိး အဆိုပါ ကားများပေါ်ပါ ပျဉ်တန်ဖိုး စုစုပေါင်းမှာ ၁၈၉၈၆၀၀ကျပ်နှင့် ကားအုံနာ အောင်သက်ဦးပါလာသော ကားပေါ်မှ ကျွန်းတံခါးဘောင် ဆိုဒ်စုံ အချပ် ၅၀၊ (တန်ချိန် ၁ ဒသမ ၅၄၀၅တန်၊ ကာလတန်ဖိုး-၇၇၀၂၀၀ကျပ်)၊ ကျွန်းခွဲသားဆိုဒ်စုံ ၂၀၈ ချောင်း ( တန်ချိန် ၁ ဒသမ ၆၅၉၄ တန်၊ ကာလတန်ဖိုး ၈သိန်းကျော်)တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကားပေါ်ပါစုစုပေါင်းတန်ချိန်မှာ ၃ ဒသမ ၆၅၉၄တန်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၇ သိန်းကျော်ရှိ တရားမဝင်ကျွန်းပျဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါကျွန်းတံခါးနှင့် ကျွန်းပျဉ်ဆိုဒ်စုံတို့ကို မော်လူးကျေးရွာမှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ရန် မော်လူး ကျေးရွာနေ ဒေါ်သင်းသင်းမြတ်ဆိုသူမှ ငှားရမ်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ပစ္စည်းများ ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
ထိုကျွန်းသစ်များတရားမဝင် သယ်ဆောင်လာခြင်းနှင့် ပတ်သက်၍ ယာဉ်မောင်း မင်းဇော်ဦးနှင့် မသင်းသင်းမြတ်နှစ်ဦးကို(ပ) ၁၄၉၊ သစ်တောအက်ဥပဒေ ၄၃(က)ဖြင့် အမှုဖွင့်လှစ်အရေးယူထားပြီး ယာဉ်မောင်း ဇော်ဝင်းအောင်၊ ကားပိုင် အောင်သက်ဦး၊ ကျွန်းသစ်ပိုင်ရှင် မသင်းသင်းမြတ်တို့ကို (ပ)၁၅၀၊ သစ်တောအက်-၄၃ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ထွန်းထွန်း(မိုးညှင်း)







