စစ်ရှောင်ဒုက္ခသည်တွေကို လေးစားတယ်ဆိုတဲ့ နိုင်ငံကျော်အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် အမွန်း

1925
Ah Mon

” ငါကချင်ပြည်နယ်က လာတယ်ဆိုပြီးတွန့်ဆုတ် မနေဖို့ လိုပါတယ်။ အားအပြည့် မာန်အပြည့်နဲ့ လုပ်စ ရာရှိတာကို အကောင်းဆုံးချပြနိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်ကို မောင်းတင်ထားမယ် ဆို ရင်တော့ အခက်အခဲနည်း နည်းတော့ နည်းမှာပါ။ ကြောက်စိတ်မရှိဖို့လိုပါတယ်။”လို့ ပွင့်လင်းရဲရင့်တဲ့ ပုံစံနဲ့ နိုင်ငံ ကျော်အဆိုတော်မလေး အမွန်း မြစ်ကြီးနားမြို့ကို လာရောက်ခိုက် မြစ်ကြီးနားသတင်းဂျာနယ်က အမိအရ သွားရောက်တွေ့ဆုံမေးမြန်း ထားသမျှကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

Ah Mon Ah Mon

ပထမဦးဆုံးအနေနဲ့ အမွန်း ဒီကချင်ပြည်နယ်ကို လာဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါ။

အမွန်းအဓိကလာရောက်ရခြင်းက အကြောင်းနှစ်ချက်ရှိပါတယ်။ အမွန်းကချင်ပြည်နယ်လာချင်တာက နောက်ပိုင်း ဒုက္ခသည်တွေထပ်ပြီးတိုးလာကတည်းက လာချင်နေတာပါ။ ပိတ်မိနေတဲ့ဒုက္ခသည်တွေ ထွက်လာ ပြီး ရှုပ်နေတဲ့အချိန်မှာ အမွန်းကတာဝန်တွေပိနေပြီး နိုင်ငံခြားတွေရောက်နေခဲ့တယ်။ အဲဒီအခါကျတော့ အမွန်း မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း တစ်ရက်တောင်မခြားဘူး မြစ်ကြီးနားကို လာခဲ့လိုက်ပါတယ်။ အဓိက ကတော့ ဒီဒုက္ခသည်တွေ အမွန်းကိုယ်တိုင် မျက်စိနဲ့မြင်ပြီးတော့မှ သူတို့အားပေးချင်လို့ လာရောက်ဖြစ်တာပါ။ ဒုတိယအချက်ကတော့ အမွန်းရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်က ဗေသလဘုရား ကျောင်းရှိပါတယ်။ အဲဒီဘုရားကျောင်းရဲ့ ပညာရေးရန်ပုံငွေရှာတဲ့ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေး ဖို့အတွက် ဖိတ်ခေါ်တာကြောင့်ပါ။ အဲဒီနှစ်ချက်နဲ့အမွန်းလာခဲ့တာပါရှင့်။

အခု အမွန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု ဘာတွေလုပ်နေပါသလဲ။

လတ်တလောကတော့ ‘ဒုဋ္ဌဝတီကိုလွန်၍’ဆိုတဲ့ ရှပ်ရှင်ကားကြီးထွက်ထားတာမကြာသေးဘူးပေါ့နော်။ ရုံတွေမှာလည်း ရက်တွေထပ်တိုးပြီးပြနေတဲ့အခါကျတော့ အဲဒါနဲ့ပတ်သက်တာတွေ Promotion ပိုင်းဆိုင်ရာ တွေပေါ့နော် အမွန်းဆက်လုပ်သွားဖို့ရှိပါတယ်။ အခုလတ်တလော အမွန်းခရီးတွေအရမ်းများပါတယ်။ နှစ်လအ တွင်းမှ ခြောက်နိုင်ငံ ခုနှစ်နိုင်ငံလောက်သွားရပါမယ်။ သီချင်းအသစ်တွေကတော့ ရေးဖြစ်နေပါတယ်။ သီချင်း အသစ်အဆန်းတွေ ဖန်တီးတာမျိုးတွေလည်း အမွန်းလုပ်နေပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်မယ့်အလုပ်တွေ အတွက်လည်း အမွန်းပြင်ဆင်နေပါတယ်ရှင့်။

ဒုဋ္ဌဝတီဇာတ်ကားကို ရိုက်တဲ့အခါမှာ တိုင်းရင်းသူတစ်ယောက်အနေနဲ့ အမွန်း ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ကချင်တိုင်းရင်းသူအနေနဲ့တော့ အမွန်းက စကားဝဲတာတော့မရှိဘူးပေါ့နော်။ တိုင်းရင်းသူမို့လို့ဒုက္ခ ရောက်တာတော့မရှိပါဘူး။ တစ်ခုပဲ အမွန်းရဲ့အကျင့်စရိုက်က ဇိုးဇိုးဇတ်ဇတ်နဲ့ အရမ်းမြန်တယ်ပေါ့နော်။ အဲဒီ အခါကျတော့ အမွန်းတချို့နေရာတွေမှာ အေးအေးဆေးဆေးပုံစံမျိုးနဲ့ သမိုင်းကြောင်းကိုရှင်းပြရတဲ့ အသံဖြစ် အောင် ပြန်ပြီးတော့မှ အသက်ပြန်သွင်းရတာမျိုးရှိတယ်။ အခက်အခဲဆိုရင်တော့ နေပူမရှောင် မိုးရွာမရှောင် လုပ်ရတဲ့ကိစ္စပေါ့နော်။ အဲဒါမျိုးလေးတွေရှိပါတယ်။

ပထမဆုံးရိုက်တဲ့ဒီဇာတ်ကားကြီးမှာ အမွန်းသရုပ်ဆောင်တာ တော်တော်လေးကောင်းတယ်လို့ ပရိသတ်အများ စုက မှတ်ချက်ပေးပါတယ်။ တချို့ဝေဖန်ကြတဲ့ပရိသတ်လည်း ရှိကောင်းရှိမှာပေါ့နော်။ အဲဒါကို အမွန်းအနေနဲ့ ဘာများပြောချင်ပါသလဲ။

အမွန်းကတော့ ဝေဖန်မှုတွေကို ကောင်းတာပြောပြော ဆိုးတာပြောပြော Welcome ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အကောင်းချည်းပဲပြောနေရင်တော့ အမွန်းမြောက်သွားမှာပေါ့နော်။ ဒါပေမယ့် အဆိုးကြောင့်လည်း အမွန်းစိတ်ဓာတ်မကျသွားအောင် နေပါတယ်။ အဲဒါကြောင့် Comment ကို Comment လိုပဲသဘောထား ပါတယ်ရှင့်။

အမွန်းရဲ့ဘဝတစ်လျှောက်မှာ မေ့လိုမရနိုင်တဲ့ အမှတ်တရတစ်ခုကိုလည်း စာဖတ်ပရိတ်ကြီး သိအောင်ပြောပြ ပေးပါဦး။

မေ့မရတာတော့အများကြီးပဲ။ အဲဒီအထဲက တစ်ခုဆိုရင်တော့ အမွန်း ပထမဦးဆုံး ဗေသလဘုရား ကျောင်းမှာ အသက်သုံးနှစ်ခွဲ လေးနှစ် ဝန်းကျင်က သပိတ်လွယ်ငှက်ဆိုတဲ့ သီချင်းလေးကို ဆိုခဲ့ဖူးတာ Band အပြည့်အစုံနဲ့ဆိုခဲ့ဖူးတာ မှတ်မှတ်ရရပါပဲ။

ကျွန်တော်တို့ ကချင်တိုင်းရင်းသား အနုပညာရှင်တွေ ရန်ကုန်မှာအနုပညာလုပ်ငန်းသွားလုပ်ကြတဲ့အခါ အခက် အခဲတွေအများကြီးကြုံရတယ်လို့ ကြားဖူးပါတယ်။ နောက်လာမယ့် အနုပညာမျိုးဆက်တွေအတွက် ရန်ကုန်မှာ သွားလုပ်ကြမယ်ဆိုရင် ဘာတွေပြင်ထားဖို့လိုမလဲဆိုတာ အမွန်းရဲ့အမြင်လေးကို သိပါရစေ။

အဓိကကတော့လေ မြန်မာစကား သေသေချာချာ ပီသနေဖို့လိုပါတယ်။ အရမ်းကြီး မပီသဘူးဆိုရင် တောင်မှ တစ်နိုင်ငံလုံးအသိုင်းအဝိုင်းမှာ သီချင်းဆိုရင်ဖြစ်ဖြစ် သရုပ်ဆောင်ရင်ပဲဖြစ်ဖြစ် လေယူလေသိမ်းနဲ့ စကားပြောတာ အရမ်းအရေးကြီးတယ်လို့ အမွန်းမြင်ပါတယ်။ ကချင်အသိုင်းအဝိုင်းက အကုန်အသံကောင်းပြီး သားပဲ။ စကားမပီသတဲ့အပေါ်မှာ ပရိသတ်နားစွဲတာ မစွဲတာက အရမ်းအရေးကြီးပါတယ်လို့ အမွန်း ပရိသတ် တစ်ယောက်အနေနဲ့ မြင်ပါတယ်။ နောက်တစ်ခုက ငါကချင်ပြည်နယ်က လာတယ်ဆိုပြီးတွန့်ဆုတ် မနေဖို့ လိုပါတယ်။ အားအပြည့် မာန်အပြည့်နဲ့ လုပ်စရာရှိတာကို အကောင်းဆုံးချပြနိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်ကို မီးမောင်းတင်ထားမယ်ဆိုရင်တော့ အခက်အခဲနည်းနည်းတော့ နည်းမှာပါ။ ကြောက်စိတ်မရှိဖို့လိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အခုဖြစ်နေတဲ့တိုက်ပွဲတွေအပေါ် အမွန်းဘယ်လိုမြင်လဲဗျ။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အမွန်း Facebook မှာလည်း အမွန်းပြောဖူးပါတယ်။ အမွန်းတို့က မိုးရွာလို့ မိုးယိုလို့ စိုနေတဲ့ကြမ်းပြင်ကို သုတ်နေရတာနဲ့တူနေတယ်။ အမွန်းတော့အဲဒီလိုပဲမြင်တယ်။ တကယ် တော့ဒီကြမ်းပြင်စိုရခြင်းရဲ့ အကြောင်းအရင်းဖြစ်တဲ့ ခေါင်မိုးက အပေါက်ကို မဖာကြဘူး။ အဓိက ဒီစစ်ပြီးမှရမှာ။ စစ်ပွဲကြောင့်ခံနေရတဲ့  မြေစာပင်ဖြစ်တဲ့ အမွန်းတို့ကချင်တိုင်းရင်းသားတွေက အိမ်ပစ် ယာပစ်နဲ့ ပြေးနေရဦး မှာပဲ။ စစ်ပြီးဖို့လိုပါတယ်။ အမွန်းပြောချင်တာက ဒီပြည်သူတွေကို လူသားအနေနဲ့ ကြည့်လိုက်ပါ၊ ချစ်ခြင်း မေတ္တာနဲ့ကြည့်လိုက်ပါ။ သူတို့ခံစားနေရတာတွေကို အမွန်းရပ်စေချင်တယ်။ ပြီးတော့ အမွန်းရဲ့လူမျိုးတွေ သူတို့တစ်သက်လုံးရှာထားသမျှ တောင်ယာ၊ကျွဲ၊နွား အကုန်လုံးပေါ့နော် ပစ်ပြီးတော့မှ ဒုက္ခသည်အနေနဲ့ မသွားချင်ကြဘူး။ ဒီတော့ ငြိမ်းချမ်းရေးရဖို့ အမွန်းက လိုလားပါတယ်။

တစ်နိုင်ငံလုံးမှာရှိနေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အမွန်းရဲ့အားပေးစကားသံလေး။

စစ်ရှောင်ပြည်သူတွေ အမွန်းပြောချင်တဲ့အားပေးစကားကတော့ စစ်ရှောင်ပြည်သူတွေကို အမွန်းအရမ်း လေးစားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်မကျဘဲနဲ့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲနဲ့ ကိုယ်ရဲ့ မိသားစုကိုပါ အလွတ်ရုန်းပြီး ဒီဒုက္ခသည်စခန်းတွေအထိ ပြေးလာနိုင်တယ်။ သူတို့တွေသည် စိတ်ဓာတ်ရော ခန္ဓာကိုယ်ရော ကြံ့ခိုင်ကျန်းမာသူတွေလို့ အမွန်းမြင်ပါတယ်။ တောင်တွေယာတွေ ပစ်ခဲ့ရလို့ လုပ်စရာမရှိတော့ ဘူးလို့ မတွေးပါနဲ့လို့ပြောချင်ပါတယ်။ ဒီမြေပြန့်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေကိုလုပ်ရင်း အဆိုးထဲကအ ကောင်းအဖြစ်နဲ့ တွေးယူပြီးတော့မှ ကိုယ့်ဘဝမှာမြင့်မားသွားစေမယ့်အရာတွေကို လေ့လာပါ။ စိတ်ဓာတ်မကျ ပါနဲ့။ သူတို့နောက်မှာ အမွန်းတို့ ကချင်ပြည်လူထုတစ်ရပ်လုံးရှိပါတယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့၊ သူတို့ အမွန်း အရမ်းချစ်တယ် အရမ်းလေးစားတယ်ဆိုတာကို သိစေချင်ပါတယ်ရှင့်။

နောက်ဆုံးအနေနဲ့ အမွန်းကိုအားပေးတဲ့ ပရိတ်သတ်ကို ဘာများပြောချင်ပါသလဲ။

ပရိတ်တွေပေးတဲ့ အားကြောင့်သာ အမွန်းအများကြီးလုပ်နိုင်ခဲ့တာပါ။ ပရိသတ်အားပေးမှုတွေနဲ့ အမွန်း အများကြီးကြိုးစားသွားပါဦးမယ်။ ဒီထက်ပိုပြီးတော့မှလည်း အနုပညာအလုပ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ပတ်ဝန်းကျင် မှာရှိတဲ့ လိုအပ်တဲ့နေရာတွေမှာ အုပ်တစ်ချပ်သဲတစ်ပွင့်၊ အလင်းရောင်လေးတစ်ခုအနေနဲ့ သေးသေးလေးပဲ ဖြစ် ဖြစ်ပေါ့ အမွန်းရတဲ့နေရာကနေ ကူညီသွားချင်တယ်။

အခုလိုဖြေကြားပေးလို့ အမွန်းကို မြစ်ကြီးနားသတင်းဂျာနယ်က ကျေးဇူးတင်ပါတယ်။

ဟုတ်။အမွန်းလည်း ကျေးဇူးတင်ပါတယ်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here