စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို တရုံချောင်းအကျော်တွင် KIA မိုင်းဆွဲတိုက်ခိုက်

1317
စစ်ကောင်စီတပ်သားများ

မေ၊၂၀

ကချင်ပြည်နယ်၊တနိုင်းမြို့ဘက်မှ ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများအား တရုံချောင်း အကျော်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းမှ မနေ့က ညနေ(၆)နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားအင်အား(၇၀)ခန့်သည် မေလ (၁၈)ရက်နေ့က တနိုင်းမြို့ဘက်မှ ထွက်လာပြီး လီဒိုလမ်းမ တစ်လျှောက် တောလမ်း၊ ရွာလမ်းတွေများမှ ခြေလျင်ဖြင့် တက်လာသည့်အချိန် တရုံချောင်းတံတားအကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“(၅)နာရီခွဲလောက်က တနိုင်းကနေ ထွက်သွားပြီး တဝမ်ချောင်း တံတားကျော်တာနဲ့ တောထဲ ဝင်သွားပြီး ပန္နက်ကျေးရွာ ထိပ်မှာ ပြန်ပေါ်လာတယ်။ ပြီးတော့ ရှင်လုံဘက် ပြန်တက်သွားတာ။ တရုံချောင်းဘေးမှာ မိုင်းဆွဲခံရတယ်။ မိုင်း (၄)လုံးလောက် ဟုတ်တယ်။ လီဒိုလမ်းတစ်လျှောက် တောဝင်လိုက်နဲ့ သွားနေကြတာ”ဟု ဒေသခံကဆိုသည်။

မိုင်းဆွဲ ခံရပြီးနောက် အနီးအနားရှိ ဘုန်းကြီးကျောင်းတွင် တစ်ညစခန်းချပြီး ယနေ့မနက် အစောပိုင်း(၄)နာရီခန့်တွင် ရှင်ဗွေယန်ဘက်သို့ ခြေလျင်ဖြင့် ဆက်လက် ချီတက်ခဲ့ကြောင်းလည်းသိရသည်။

ယင်းနယ်မြေသည် KIAတပ်ရင်း (၄၅) ၏ လှုပ်ရှားနယ်မြေဖြစ်ပြီး မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရသည့်အချိန် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိ နိုင်ကြောင်းလည်း ဒေသခံက သုံးသပ် ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here