ဗန်းမော်မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေ

426
ဗန်းမော်_စက်သုံးဆီပြတ်လပ်

မေ၊၂၀

ဗန်းမော်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး အရောင်းဆိုင်အများစု ပိတ်ထားရကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်းက ဆီဆိုင်အချို့တွင် 95 ဓာတ်ဆီ တစ်မျိုးကိုသာ ဝယ်ယူရရှိနိုင်ပြီး ဈေးကြီးပေးဝယ်နေရသည့်အပြင် အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” ဒီနားက မြို့လယ်ခေါင်က ဆိုင်တွေကတော့ မရတော့ဘူး။ တချို့ဆိုင်တွေက ပိတ်ကိုထားပြီ။ သွားဝယ်ရင် 92 မရတော့ဘူး 95 တစ်မျိုးထဲ ရောင်းပေးတာပဲ ရှိတော့တယ်။ ဈေးကတော့ တက်သွားတာပေါ့။ တစ်လီတာကို ၃၀၀၀ လောက်ရှိတယ်။ တစ်သောင်းဖိုးသွားဝယ်ရင် ငါးထောင်ဖိုးပဲ ရောင်းပေးတော့တယ်။ ” ဟုဆိုသည်။

လက်ရှိအချိန် စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချရန် လက်ကျန်ဆီ မရှိတော့သည့်အတွက် ပိတ်ထားရခြင်း ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောပါတယ်။

” ဟုတ်တယ်ဗျ ဆီမရှိဘူး ။ ရောင်းစရာဆီမရှိလို့ ပိတ်ထားတာ ။ ဝယ်လို့ရတာ မရတာ အခြေနေကျတော့ ကျွန်တော်တို့လည်းမသိဘူး။သူတို့ပို့ပေးတာကိုပဲ ဆိုင်ရောက်ရင် ရောင်းပေးရတာ ။ ဆီကုန်တယ် ပိတ်ထားဆိုလည်း ပိတ်ပေးရတာကိုး။ “ဟု ပြောသည်။

ယင်းအပြင် မြစ်ကြီးနားမြို့တွင်လည်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ပူတာအိုမြို့တွင်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းများကလည်း အလားတူဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ မြန်မာနိုင်ငံအတွင်း စက်သုံးဆီ အလုံအလောက်ရှိကြောင်း ပြောဆိုထားသောလည်း ယခုကဲ့သို့ ဖြစ်ပေါ်လာသည့်အပေါ် ပြည်သူများက ဝေဖန်ပြောဆိုလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here