မြစ်ကြီးနား- ပူတာအိုလမ်းမပေါ်ရှိကျေးရွာများအား (၂)မိုင် အတွင်းသွားလာခြင်း မပြုရန် စစ်ကောင်စီ ပြောဆိုထား

596
စစ်ကောင်စီတပ်ဖွဲ့_စစ်သား

မေ၊၁၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့နယ်သို့ လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာပို့ဆောင်နေသည့် စစ်ကောင်စီတပ်များ အနေဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းမပေါ်ရှိ ကျေးရွာများကို ကျေးရွာတွင်းမှ (၂) မိုင်တွင်း သွားလာခြင်းမပြုကြရန် ပြောဆိုထားသောကြောင့် ဒေသခံတွေအနေဖြင့် စားဝတ်နေရေးနှင့် တစ်ဖန်ပြန်လည် စစ်ရှောင်ရမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

တီယန်ဇွပ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းများ ဆွမ်ပရာဘွမ်မြို့သို့ မေလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ဆွမ်ပရာဘွမ်အထက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဇုန်နယ်အတွင်း ရောက်ရှိနေပြီဖြစ်သောကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ အခုက လောလောလတ်လတ် စစ်ပွဲဖြစ်ထားတဲ့နေရာဆိုတော့ သူတို့အတွက်က တိုက်ပွဲဇုန် မှာ ဖြစ်လာပြီဆိုတော့ ပိုပြီးတော့မှ ဖြည်းဖြည်းချင်း သွားလောက်တယ်။ ဆွမ်ပီယန်မှာ နေတဲ့သူတွေက ဆွမ်ပရာဘွမ်ကို ဆင်းခဲ့ပြီးမှ လာကြိုတာဟုတ်တယ်။ ခြေကျင်နဲ့ ဒီဘက်က တက်ခဲ့တဲ့ စစ်အင်အားနဲ့ ဒီနေ့မှပဲ ပေါင်းမှာပေါ့။ သူတို့က ခြေကျင်နဲ့အရင် နယ်မြေရှင်းလင်းရေးလုပ်တာ။ ပြီးမှ ကားနဲ့ပြန်သွား အဲဒီလိုလုပ်တာ။ တကယ်တမ်းဆို (၂) ရက်တည်းနဲ့ ပူတာအို ရောက်ရမှာ ခုက စစ်ရေးအခြေအနေကြောင့် တစ်ပတ်လောက်ကြာသွားတာ ” ဟု ဒေသခံက ဆိုသည်။

ဒါ့အပြင် စစ်ကောင်စီဘက်မှ မြစ်ကြီးနား – ပူတာအိုလမ်းမပေါ်ရှိ ကျေးရွာများကို ကျေးရွာတွင်းမှ (၂) မိုင်အတွင်း ဖြတ်သန်းသွားလာခြင်းမျိုး မပြုလုပ်ကြရန် ပြောဆိုထားသောကြောင့် ဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ရာတွင် အခက်အခဲရှိနေသည်ဟုလည်း သိရသည်။

သူတို့က နယ်မြေရှင်းလင်းရေးလုပ်ပြီဆိုရင် ဒေသခံတွေကို ကျေးရွာကနေ (၂) မိုင်အတွင်း မသွားနဲ၊ သွားလို့ လမ်းမှာ တွေ့ရင် သူတို့က လူမှားပြီး ဖမ်းတာတို့ ပစ်တာတို့ ဖြစ်လာမယ်။ အဲဒီလိုမျိုးလုပ်လိုက်တော့ အပြင်မှာတွေ့တဲ့သူတွေကို သူတို့က ရန်သူလို့ သတ်မှတ်တယ် ဆိုတဲ့သဘောပေါ့။ ခရီးသွားတွေက လွဲရင် အဲဒါက ဒေသခံတွေတွက်တော့ ပြဿနာရှိတယ်။ ခုချိန်တောင်ပေါ်မှာက တောင်ယာမီးရှို့ စပါးရိတ်တဲ့ အချိန်လေနော်။ ဒီအချိန်က အရမ်းအရေးကြီးတဲ့ အချိန်ဟုတ်တယ်။ ဒီအချိန်ကို ကျော်လိုက်ပြီဆိုလို့ရှိရင် တစ်နှစ်စာလုံးရဲ့ စားဝတ်နေရေးတွေ ခက်ခဲလာမယ်။ တစ်ချို့က မျိုးစေ့ကြဲတဲ့အချိန် အဲဒီအချိန်မှာ ရွာသားတွေကို ချုပ်လိုက်သလို ဖြစ်သွားပြီပေါ့ ” ဟု ဆိုသည်။

ဆွမ်ပရာဘွမ်ကျေးရွာ အထက်ဘက်ရှိ ကျေးရွာတော်တော်များများမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁)၏ ထိန်းချုပ်နယ်မြေတွင်းရှိ ကျေးရွာများဖြစ်ကြပြီး လက်ရှိချိန်ထိ နှစ်ဖက်တပ်ကြား စစ်ရေး တင်းမာနေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here