စစ်ကောင်စီ၏ စစ်ကား (၁၅) စီး ဗန်းမော်-မြစ်ကြီးနားလမ်းအတိုင်းဆင်းလာ

693
စစ်ကောင်စီယာဉ်တန်း

ဇူလိုင်၊၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေ စစ်ကောင်စီတပ်ရဲ့ စစ်ကား(၁၅)စီးလောက်ဟာ မြစ်ကြီးနား သွားလမ်းအတိုင်း ဆင်းလာနေကြတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကားတွေဟာ မနေ့ညက ဒေါ့ဖုန်းယန်ကျေးရွာကို ရောက်ရှိခဲ့ပြီး ဒီမနက် အစောပိုင်းက ပြန်လည် ထွက်ခွာသွားပြီ လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“(၁၅)စီးလောက် ဟုတ်တယ်။ မနေ့က ဗန်းမော်ဘက်ကနေလည်း ရောက်တယ်။ မနေ့ည ဒေါ့ဖုန်းယန် စစ်တပ်မှာ နားကြတယ်။ ဒီမနက်တော့ ဒေါ့ဖုန်းကနေ ပြန်ထွက်သွားပြီ မြစ်ကြီးနားဘက်။ စစ်ပွဲ ဖြစ်တဲ့ နေရာ စစ်ကူသွားတာနေမှာ။ ဆဒုံးဘက် ရောက်မလား မပြောတတ်ဘူး”လို့ သူက ပြောပါတယ်။

အထက်ပါ သတင်းအရင်းအမြစ်ရဲ့ သုံးသပ်ပြောပြချက်အရ ဗန်းမော်-မြစ်ကြီးနား လမ်းတစ်လျှောက် နှစ်ဖက်တပ် စစ်ရေးတင်းမာနေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်ကနေ အင်အားဖြည့်တင်းဖို့ ဖြစ်နိုင်သလို လူလဲဖို့ သွားတာဖြစ်နိုင်တယ်လိုလည်း သိရပါတယ်။

ဝိုင်းမော်မြို့နဲ့ ဆဒုံးမြို့နယ်ကြားက ပြည်သူ့စစ် စစ်သားအင်အား(၂၀)ဝန်းကျင်လောက် ရှိတဲ့ အင်ဝန့်ကောင်(N’wan Kawng)ပြည်သူ့စစ် ဂိတ်စခန်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဇူလိုင်လ(၁၄)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တဲ့အပြင် စခန်းကို မီးရှို့ဖျက်ဆီးလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here