စာသင်ကျောင်းအနီး ဖွင့်လှစ်ထားသည့် မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်က လောင်းကစားဝိုင်းအား ပိတ်သိမ်းစေလို

151

 

မေ၊၂၉

ကျောင်းဖွင့်ကာလ ရောက်ပြီဖြစ်တာကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်က စာသင်ကျောင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာစီနို၊ ငါးမန်းဂိမ်းနဲ့ ဖိုက်ကျူးတွေပါဝင်တဲ့ လောင်းကစားဝိုင်းကို ဖိုးချစ်ကုန်းရပ်ကွက် မူလတန်းစာသင်ကျောင်းရှေ့မှာ ဖွင့်လှစ်ထားပြီး လူအဝင်အထွက် များနေတာကြောင့် ကလေးတွေအတွက် စိုးရိမ်မှုတွေ ရှိနေတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ရန်တွေဘာတွေ သူတို့အဲဒီမှာ ဖြစ်တာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာနိုင်တယ်။ ကလေးတွေအနေနဲ့ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ထိခိုက်မှာစိုးရိမ်ရတာပေါ့။ သူတို့ရဲ့စိတ်ထဲမှာလည်း မကောင်းမှုဒုစရိုက်တွေ စွဲသွားမှာတော့ စိုးရိမ်တာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလောင်းကစားဝိုင်းမှာ တစ်နေ့ကို လူအယောက် ၅၀ ဝန်းကျင် လာလေ့ရှိပြီး ညပိုင်းဆိုရင် လူပိုများတာကြောင့် ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာလည်း စိုးရိမ်ရတယ်လိုလည်း ဒေသခံက ဆက်လက်ပြောပါတယ်။

“ဖျက်သိမ်းတာတော့ ဖျက်သိမ်းစေချင်တာပေါ့။ မရှိရင်ကောင်းလေပဲပေါ့။ ဒီလိုရှိနေတဲ့ အခါကျတော့ ပြည်သူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာစိုးရိမ်တာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလောင်းကစားဝိုင်းကို ပင်းဘောဘက်ကနေ ဖိုးချစ်ကုန်းရပ်ကွက်ဘက် ပြောင်းလဲ ဖွင့်လှစ်လာတာဖြစ်ပြီး ဖွင့်လှစ်ထားနိုင်ဖို့ ရဲဘက်ကို သိန်းငါးဆယ်ပေးထားတယ်လို့ ကြားသိရပေမဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန် မိုးကောင်းမြို့အတွင်းမှာ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အရင်ကထက် များပြားလာပြီး လူငယ်ပျက်စီးတာတွေ များလာတယ်လို့ နောက်ထပ် မိုးကောင်း ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင်ဖွင့်လှစ်လာကြပြီး လက်ရှိ လောင်းကစားရုံ ၃ ရုံလောက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here