Home ကချင်ပြည်နယ်သတင်း ဂါးရာယန်ကျေးရ...

ဂါးရာယန်ကျေးရွာက နေရပ်ပြန်ကျောင်သူကျောင်းသားများတွက် ဇွန်လအမီ ကျောင်းဖွင့်လှစ်နိုင်ရေး စတင်လုပ်ဆောင်နေ

1

 

မေ၊ ၂၄

နေရပ်ပြန်ကျေးရွာဖြစ်တဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာမှာ ဇွန်လအမီ ကျောင်းဖွင့်လှစ်နိုင်ဖို့ တင်ပြတောင်းဆိုထားတဲ့ ကျောင်းပြုပြင်ထိန်းသိမ်းရေး ပြည်နယ်ဘတ်ဂျတ်ကျမလာခင် လတ်တလော လိုအပ်တာတွေကို သုံးစွဲနိုင်ဖို့ ပြည်နယ်ကောင်စီကနေ ခဏစိုက်ပေးတဲ့ ငွေကျပ်သိန်း ၁၀၀ နဲ့ ကျောင်းဖွင့်လှစ်နိုင်ရေး စတင်လုပ်ဆောင်နေတယ်လို့ နေရပ်ပြန်စစ်ရှောင်တွေဆီက သိရပါတယ်။

ဒီမေလလယ်လောက်က စပြီး ကျောင်းတွင်းသန့်ရှင်းရေးတွေနဲ့ ပြုပြင်ရမယ့် အမိုး၊ အကာတွေကို ပြုပြင်ပြီးတော့ ကျောင်းအပ်လက်ခံတာတွေကို စတင်လုပ်ဆောင်နေကြပြီလို့ ဂါးရာယန်ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ပြည်နယ်ဘတ်ဂျတ်ကတော့ တင်ပြထားဆဲ ဖြစ်ပါတယ်။ အဲဒါ မကျလာခင်ကာလအတွင်းမှာတော့ သွပ်တွေက အခုချက်ချင်း လဲရတော့မှာဖြစ်တဲ့အတွက် သွပ်လဲတာတွေ၊ ပြီးတော့ ကျောင်းသားတွေ အချိန်မီ စာသင်နိုင်အောင် အခုချက်ချင်း ပြုပြင်ရမယ့်ဟာတွေအတွက် သူတို့ ပြည်နယ်အစိုးရကနေ လိုတာကို လုပ်ဆောင်ပေးထားမယ်လို့တော့ ပြောပါတယ်။”လို့ ဆိုပါတယ်။

ကျောင်းပြုပြင်ထိန်းသိမ်းရေး ဘတ်ဂျတ်ကျမလာခင် ပြည်နယ်ကောင်စီကနေ စိုက်ပေးထားတဲ့ငွေနဲ့ လတ်တလော အရေးတကြီးလိုအပ်နေတဲ့ သွပ်ဝယ်တာ၊ ကလေးတွေရဲ့ စာရေးခုံနဲ့ ထိုင်ခုံဝယ်တာတွေကို အရင်ဆုံးလုပ်ဆောင်ကြတယ်လို့လည်း သိရပါတယ်။

ကျောင်းအတွက် လိုအပ်တဲ့ သင်ပုန်းတွေကိုတော့ မြို့နယ်ပညာရေးဌာနက စီစဉ်ပေးထားပြီဖြစ်ပြီး ကျောင်းသုံးပရိဘောဂတွေ လိုအပ်နေသေးတယ်လို့သိရပါတယ်။

ဂါးရာယန်ကျေးရွာအတွင်းမှာ မေလ ၂၃ ရက်နဲ့ ဒီနေ့ ၂၄ ရက်အထိ ၂ ရက်အတွင်း သူငယ်တန်းကနေ အဌမတန်းအထိ ကျောင်းလာအပ်တဲ့ ကျောင်းသူကျောင်းသားဦးရေ စုစုပေါင်း ၁၄၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ကျောင်းလာအပ်မယ့် ကျောင်းသားတွေလည်း ရှိသေးတဲ့အတွက် အားလုံးပေါင်း ကျောင်းတက်မယ့်ကလေး ၂၀၀ ဝန်းကျင်တော့ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းက လူကြီးတွေနဲ့ ကျောင်းသားမိဘတွေကတော့ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်နေပေမဲ့ မြို့နယ်ပညာရေးဌာနက ဆရာ၊ ဆရာမတွေ ဘယ်နှစ်ဦးချပေးမလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါရပ်မိရပ်ဖက ဆိုပါတယ်။

“တာဝန်ကျဆရာမတွေ ရောက်ရှိလာမှုပေါ်မူတည်ပြီး ကျွန်တော်တို့လည်း မိဘခန့်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး ဒီနှစ်တော့ အချိန်မီ ကျောင်းဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။”လို့ ဆိုပါတယ်။

ဂါးရာယန်ကျေးရွာအနီးက ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာကလည်း မူလတန်းအဆင့်အထိပဲ ကျောင်းဖွင့်မှာဖြစ်တဲ့အတွက် အလယ်တန်းတက်ရောက်မယ့် ကလေးတွေနဲ့ မူလတန်းတက်မယ့် ကလေးတွေ ကျောင်းလာအပ်ရင်လည်း လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေမှာလည်း မူလတန်းတက်မယ့် ကျောင်းသားတွေကို လက်ခံနေပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်ကောင်စီအဖွဲ့ကလည်း ဒီနေရပ်ပြန်စစ်ရှောင်ရွာ ၃ ရွာအတွက် ကျောင်းဖွင့်လှစ်နိုင်ရေးနဲ့ ဆရာ၊ ဆရာမ စေလွှတ်ပေးနိုင်ဖို့၊ ရေတွင်းနဲ့လျှပ်စစ်မီး ရရှိရေး၊ ရွာတွင်းလမ်းတွေကောင်းမွန်စွာ ဖောက်လုပ်နိုင်ဖို့တွေအပြင် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်ရရှိရေးတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကူညီလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောကြားပါတယ်။

အဲဒီကျေးရွာတွေဟာ ၂၀၁၁ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားတဲ့အချိန် ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပြီး ၁၀ စု နှစ်အကြာ စစ်ရှောင်ခဲ့ရပြီးမှ မိမိနေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။

 

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here